ချင်းပြည်နယ်၏ ယာဉ်မတော်တဆမှုနှင့်လူသေဆုံးမှု အများဆုံးမြို့နယ်များ

ချင်းပြည်နယ်၏ ယာဉ်မတော်တဆမှုနှင့်လူသေဆုံးမှု အများဆုံးမြို့နယ်များ
Photo Credit: Myanmar Chin
Photo Credit: Myanmar Chin

ချင်းပြည်နယ်ရှိ မြို့နယ် (၉) မြို့နယ်အနက် ဟားခါးမြို့နယ်သည် ယာဉ်မတော်တဆမှုအများဆုံးဖြစ်ပြီး လူသေဆုံးမှုတွင် တီးတိန်မြို့နယ်သည် အများဆုံးဖြစ်ကြောင်း ယာဉ်ထိန်းရဲအုပ်ဘယ်နီဖိုင်၏ ပြောကြားချက်အရသိရသည်။

“ယာဉ်မတော်တဆမှုအများဆုံးက ဟားခါးမှာအများဆုံး၊ ဒုတိယလိုက်တာက တီးတိန်၊ တတိယလိုက်တာတော့ မင်းတပ်၊ တီးတိန်မြို့နယ်မှာက ကားတွေ ခဏခဏကျောက်ထဲကျလို့ အဲဒါကြောင့် အသေအပျောက်များတာက ဒီတီးတိန်မြို့နယ်မှာများတယ်၊ ယာဉ်မတော်တဆမှုဖြစ်တဲ့အခါ ကားနဲ့ဖြစ်တာများတော့ သေတဲ့သူလည်းများတာပေါ့၊ ခရီးသည်တွေများတယ်လေ၊ အဓိကဖြစ်တာက  မြောက်ပိုင်းတီးတိန်နယ်ထဲမှာ ကားကျောက်ထဲကျတာတို့ ခဏခဏဖြစ်တယ်လေ၊ အဲဒါကြောင့် သေဆုံးသူဦးရေကများတာလေ” ဟု ယာဉ်ထိန်းရဲအုပ်ဘယ်နီဖိုင်ကပြောသည်။

တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ယာဉ်တိုက်မှုအခြေပြဇယား ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်၏ ဇန်နဝါရီလမှ ဇူလိုင်လအထိ နှိုင်းယှဉ်ချက်ဇယားမှ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်တွင် သေဆုံးမှုနှုန်းခြားနားချက်သည် ယခင်နှစ်ထက် (၁) ဦးပိုတိုးလာကြောင်းသိရသည်။

ချင်းပြည်နယ်၊ တောင်ပိုင်းနှင့်မြောက်ပိုင်းတွင် မြောက်ပိုင်းသည် သေဆုံးမှုအများဆုံးဖြစ်နေပြီး ယာဉ်မတော်တဆဖြစ်ပွားမှုလျော့ချနိုင်ရန်အတွက် စည်းကမ်းဖောက်ဖျက်သည့်သူများကိုလည်း အရေးယူမှုတွေဆောင်ရွက်နေကြောင်း ယာဉ်ထိန်းရဲအုပ်ဘယ်နီဖိုင်ကပြောသည်။

“ကျနော်တို့ကတော့ ကြိုတင်ကာကွယ်မှုတွေလုပ်ရတယ်၊ ကြိုတင်ကာကွယ်မှုဆိုတဲ့အခါမှာ ပထမအနေနဲ့ အသိပညာပေးဟောတယ်၊ စာသင်ကျောင်းတွေမှာ၊ နောက်ပြီး ရုံးတွေမှာ၊ နောက်ပြီးတော့ ကားသမား ဆိုင်ကယ်သမား ယာဉ်မောင်းတွေလည်း အသိပညာပေးတာ နောက်ပြီး ပြည်သူလူထုကိုလည်း ပညာပေးတယ် အသိပညာပေးတယ်ဆိုတဲ့အခါမှာ ဟောပြောတာလည်းပါတယ်၊ လက်ကမ်းစာဆောင်တွေနဲ့ အသိပညာပေးတာလည်းပါတယ်၊ နောက်တခါကျနော်တို့ လမ်းသင်္ကေတတွေနဲ့ပေးတာလည်းပါတယ်၊ နောက်တစ်ခါကျတော့ ကျနော်တို့ ယာဉ်မတော်တဆမှုလျော့နည်းကျဆင်းအောင် စည်းကမ်းပျက်တဲ့လူ စည်းကမ်းမလိုက်နာတဲ့သူကို အရေးယူဆောင်ရွက်ပြီးတော့ ဖမ်းဆီးတယ်၊ အရေးယူဖမ်းဆီးတာလဲ ပညာပေးခြင်းတစ်မျိုးပဲ၊ အဓိက ပညာပေးတာကို အလေးထားပြီးတော့ ဖမ်းဆီးအရေးယူတာ အဲလိုကျနော်တို့က ဆောင်ရွက်တယ်” ဟု ယာဉ်ထိန်းရဲအုပ်ဘယ်နီဖိုင်ကပြောသည်။  

ယာဉ်မတော်တဆမှုဖြစ်ပွားမှုများတွင် ဟားခါးမြို့နယ်တွင် ဆိုင်ကယ်မတော်တဆမှုများကာ ယေဘူယျအားဖြင့် မတော်တဆမှုဖြစ်စဉ် ၆၀ တွင် ၄၀ သည် ကားများဖြစ်ကြပြီး တီးတိန်မြို့နယ်တွင် ကားမတော်တဆမှုပိုများနေကြောင်း ဆက်ပြောသည်။

ချင်းပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိယာဉ်မတော်တဆမှု (၇၁) ခုဖြစ်ပြီး သေဆုံးမှုသည် (၃၂) ဦးထိရှိကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ယာဉ်တိုက်မှု (၆၆)  ခုနှင့် သေဆုံးမှုသည် (၃၃) ဦးဖြစ်ကြောင်းသိရသည်။

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...