ချင်း Multi Dictionary ထုတ်နိုင်ရန် တူညီသည့် စကားလုံး၁၅၀၀ ခန့်ရွေးထားပြီဟုဆို

ချင်း Multi Dictionary ထုတ်နိုင်ရန် တူညီသည့် စကားလုံး၁၅၀၀ ခန့်ရွေးထားပြီဟုဆို

All Chin Society – Yangon ၏ဦးဆောင်မှုဖြင့် ချင်း Multi Dictionary ထုတ်လုပ်ရန် တူညီသည့် စကားလုံး ၁၅၀၀ခန့် ရွေးထုတ်ထားပြီဖြစ်ကြောင်း ACSY ၏အတွင်းရေး ဦးနိုင်းထန်းမှပြောသည်။

“Multi dictionary ထုတ်ဖို့အတွက် ခြေလှမ်းလှမ်းနေပြီ၊ ကျနော်တို့ တူညီတဲ့ စကားလုံးအများစုကိုတော့ ရွေးထုတ်ပြီးပြီပေါ့၊ အဲဒီရွေးထုတ်ထားတာကို ပြန်စိစစ်ပြီးမှ အစည်းအဝေးလုပ်ပြီးတော့ အားလုံးသေချာပြီဆိုမှ ကျနော်တို့ထုတ်သွားမှာပါ၊ ကျနော်တို့ ခုချိန်ထိတော့ စကားလုံး၁၅၀၀ရွေးထားပြီးပါပြီ၊ ကျနော်တို့ဒီ Dictionary ထုတ်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်ကတော့ ဒီDictionary ကချင်းလူမျိုးအားလုံးရဲ့လက်ထဲရောက်သွားရင် အခေါ်အဝေါ်တွေကို တစ်ယောက်နဲ့တစ်ယောက် နားလည်သွားကြမယ်၊ နောက်ပိုင်းမှာ ဘုံစကားထွက်လာဖို့ အထောက်အကူဖြစ်သွားမယ်လို့ မျှော်လင့်တဲ့အတွက် ကျနော်တို့ ထုတ်ဖြစ်တာပါ”ဟု All Chin Society – Yangon ၏ အတွင်းရေးမှူး ဦးနိုင်းထန်းမှပြောသည်။

ချင်း Multi dictionary ထွက်နိုင်ရန် သက်ဆိုင်ရာမျိုးနွယ်စုများထံမှ ကိုယ်စားလှယ်များဖြင့် တူသည့်စကားလုံးများကို ရွေးချယ်ထားပြီး ယခုနှစ်အတွင်း စာအုပ်ထွက်ရှိနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

ချင်း Multi Dictionary ထုတ်လုပ်ရန် စီစဉ်နေမှုနဲ့ပါတ်သတ်ပြီး မင်းတပ်ဒေသခံ ကိုမာန်အွမ်မှ “ချင်းတစ်ယောက်အနေနဲ့ပြောရရင်တော့ သူတို့လုပ်တာကို အသိအမှတ်ပြုတယ်၊ ချင်းတွေအပေါ်မှာ စေတနာရှိလို့ဖြစ်မှာဘဲ၊ ဒါပေမယ့် ကျနော်ကတော့ အောင်မြင်မယ်မထင်ဘူးဗျ၊ ဘာလို့လဲဆိုရင် ကျနော်တို့ ကိုယ့်ဘာသာစကားနဲ့ ကိုယ် နေသားကျနေပြီ၊ အဲဒါကို ပိုကောင်းအောင်လုပ်ဖို့ လိုအပ်တယ်ထင်လို့ သူတို့လုပ်တာဖြစ်နိုင်ပေမယ့် ကျနော်ကတော့ လိုအပ်တယ်မထင်ဘူး၊ ဘာသာစကားဆိုတာ အချင်းချင်းဆက်သွယ်ဖို့အဆင်အောင်လုပ်တာဆိုတော့ အခုလည်း ကျနော်တို့ ချင်းအချင်းချင်းကြားမှာ ဆက်သွယ်ရတာအဆင်ပြေနေတယ်လို့ ကျနော်မြင်တယ်”ဟု သူ့အမြင်ကိုပြောသည်။

All Chin Society- Yangon မှ ချင်း Multi Dictionaryအပြင် ချင်းဘုံအင်္ကျီလည်း ထုတ်ထားပြီး ဦးနိုင်းထန်းမှ “ကျနော်တို့ ချင်းဘုံအင်္ကျီလည်းထုတ်ထားပါတယ်၊ ခုဆိုလူတွေတော်တော်များများလည်းဝတ်နေကြပါပြီ။ အဲဒီချင်းဘုံအင်္ကျီမှာ ချင်းမျိုးနွယ်စုအကုန်လုံးရဲ့ ရိုးရာအကွက်တွေကို စုပေါင်းပြီးတော့ ထည့်ထားပါတယ်”ဟု ပြောသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...