အစိုးရ နှင့် တိုင်းရင်းသား တပ်များ နိုင်ငံတကာစစ်ဥပဒေ လိုက်နာရန် တောင်းဆို

အစိုးရ နှင့် တိုင်းရင်းသား တပ်များ နိုင်ငံတကာစစ်ဥပဒေ လိုက်နာရန် တောင်းဆို

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွင်ပါဝင်ပတ်သက်နေသော မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့နှင့် မြန်မာအစိုးရတပ် တို့က ပြည်သူလူထုကို အကာကွယ်ပေးသည့် နိုင်ငံတကာစစ်ဥပဒေကို လိုက်နာရန် ပြည်တွင်းလူမှုအဖွဲ့အစည်းများ တောင်းဆိုလိုက်ပါသည်။

သြဂုတ်လ (၃၁)ရက်နေ့ ကွတ်ခိုင်မြို့အနီးတိုက်ပွဲတွင် မော်ဟစ်(Mawhik) ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၂)ဦး အပါဝင် ကချင်ရွာသား (၅)ဦး သေဆုံးခဲ့သည်။

အဖွဲ့အစည်း ၃၀၀ ကျော် ထောက်ခံပါဝင်သော အဆိုပါတောင်းဆိုမှုတွင် “တိုက်ပွဲများအား ချက်ချင်း ရပ်တန့်ရန်၊ အရပ်သားများအား အကာအကွယ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုများအား လမ်းဖွင့်ပေးရန် နှင့် သံတမန်ရေးရာလမ်းကြောင်းမှတဆင့် ဆွေးနွေးအဖြေရှာရန်၊ နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာအစိုးရ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားတိုက်တွန်းရန် နှင့် အများသုံး လမ်းများဖွင့်ပေးရန်” စသည့် (၅)ချက်ကို တောင်းဆိုခဲ့သည်။

“နှစ်ဖက်စလုံးကို ပြောချင်တယ်။ စစ် မဖြစ်ပေမယ့် လေယာဉ်ပျံတွေနဲ့ ပစ်နေလို့ စစ်ရှောင်တွေ ထပ်ပေါ်လာတယ်။ မော်ဟစ်မှာ ကလေး ၂ ဦး အပါအဝင် ၅ ဦးသေတယ်။ ပြီးတော့ ပြည်ထောင်စုလမ်းမပေါ်မှာလည်း ကားတွေ မီးရှို့ထားတယ်။ လူထုထိခိုက်စေမယ့်အရာ အများကြီး ရှိခဲ့တယ်။ ဒါကြောင့် ဒီစည်းကမ်းလိုက်နာဖို့နဲ့ အပစ်ရပ်ဖို့ တိုက်တွန်းတာဖြစ်တယ်” ဟု ရှမ်းမြောက်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (HST-NSS)မှ ဆရာမ Mai Mai (မိုင်းမိုင်) ပြောပါသည်။

နိုင်ငံတကာစစ်ပွဲနှင့် ပြည်တွင်းစစ်များကို လွမ်းခြုံသည့် ဂျီနီဗာပြဌာန်းချက်တွင် မြန်မာနိုင်ငံသည် လက်မှတ်ရေးထိုးထားသော်လည်း ထိုဥပဒေနှင့်အညီ စစ်ဘက်ဆိုင်ရာ ဥပဒေပြဌာန်းခြင်း မရှိသေးပါ။

သို့သော်လည်း ပြဌာန်းချက်ကို ချိုးဖောက်သည့်အဖွဲ့အား နိုင်ငံတကာ ခုံရုံးတစ်ခုခုက စစ်ရာဇဝတ်မှုဖြင့် တရားစွဲ အရေးယူ အပြစ်ပေးခွင့်ရှိကြောင်း ဖော်ပြထားပါသည်။

ထို့ကြောင့် လက်ရှိပြည်တွင်းစစ်အတွင်း နိုင်ငံတကာစစ်ဥပဒေကို ချိုးဖောက်ခြင်းကြောင့် လူထုထိခိုက်ခံစားရမှုများကို စနစ်တကျ မှတ်တမ်းတင်ပြီး ကုလသမဂ္ဂ လွတ်လပ်သော အချက်အလက်ရှာဖွေရေးမစ်ရှင် ထံသို့ ပေးပို့ကာ စစ်ဆေးသင့်ကြောင်း ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး အကြံပြုထားပါသည်။

နောက်တစ်ဖန် ယခုကဲ့သို့သော စစ်ရာဇဝတ်မှုထပ်မံဖြစ်ပေါ်လာပါက အချက်အလက်များကိုစုံစမ်းကာ နိုင်ငံတကာ စစ်ရာဇဝတ်ရုံးကို တိုင်တန်းသွားမည့်အကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က စက်တင်ဘာ (၁)ရက်နေ့ ထုတ်ပြန်ခဲ့သည်။

“လူထုကို မငဲ့ညာတဲ့ ဒီလိုလုပ်ရပ်က စစ်ရာဇဝတ်မှုဖြစ်တယ်။ ဒါကို စုံစမ်းပြီး အရေးယူသွားမယ်လို့ သတိပေးတာဖြစ်တယ်။ မြန်မာပြည်မှာ လက်နက်ကိုင်ထားတဲ့စစ်တပ်တွေက လူထုကို အလေးမထားကြဘူး။ ဓါးစာခံအဖြစ်သုံးတာ၊ ရွာတွေကို လက်နက်ကြီး ပစ်ထည့်တာတွေက အရမ်းရက်စက်ရာ ကျတယ်။ ဒါကြောင့် နောက်တစ်ခါ ဒါမျိုးဖြစ်ပြီဆို သက်သေ အထောက်အထားနှင့်တကွ တိုင်ကြားမှာဖြစ်တယ်” ဟု KBC ဥက္ကဌ Rev. Dr. Hkalam Samson က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

မော်ဟစ်ကျေးရွာ လက်နက်ကြီးထိမှန်သေဆုံးသွားသော ဒေါ် Htoi Ja (အသက် ၃၅ နှစ်)၊ မ Lu San (အသက် ၁၈နှစ်)၊ မ Nang Mun Pan (အသက် ၁၄ နှစ်)၊ မောင် Zau Hkun Lat (အသက် ၈ နှစ်) နှင့် မ Seng Hkawn (အသက် ၈ လ) တို့သည် KBC အသင်းတော်မှ ဖြစ်ကြပါသည်။

အရပ်သားများ သေဆုံးဒဏ်ရာရအောင် ပြုလုပ်ခဲ့သော လုပ်ရပ်အတွက် ကျူးလွန်သည့်အဖွဲ့အစည်းက တာဝန်ယူရမည့်အကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)ကလည်း စက်တင်ဘာ (၂)ရက်နေ့ သဘောထားထုတ်ပြန်ထားပါသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ မြန်မာစစ်တပ် နှစ်ဖက်စလုံးမှလည်း ၎င်းတို့လုပ်ရပ် မဟုတ်ကြောင်း ငြင်းဆိုကြပါသည်။

“မြန်မာပြည်မှာ ပိုင်ရှင်မဲ့ကိစ္စများတယ်။ မူးယစ်ဆိုလည်း သိန်းထောင်ချီတန်ဖိုး ပိုင်ရှင်မဲ့။ အခုကျည်ဆန်လည်း ပိုင်ရှင်မဲ့။ ဘယ်သူပစ်တယ် သိပေမယ့် မပြောရဲဘူး။ ကြောက်ပြီး စိုးရိမ်ရတာမို့ ကားတွေ မီးရှို့တာဘယ်သူလဲ မပြောရဲဘူး။ တစ်နေ့တော့ အမှန်တရားကို ပြောနိုင်တဲ့ အခြေအနေ ရောက်လာမယ်လို့တော့ ထင်ပါတယ်” ဟု ကွတ်ခိုင် ဒေသခံ ရှမ်းမြောက်လူသားချင်းစာနာထောက်ထားမှုအဖွဲ့မှ ဆရာမှ Mai Mai (မိုင်းမိုင်) ပြောပါသည်။

သြဂုတ်လ (၁၅) ရက်နေ့မှစတင်ပြီး မြန်မာအစိုးရတပ် နှင့် မြောက်ပိုင်းမဟာမိတ်မှ တအောင်းတပ် TNLA၊ ကိုးကန့် MNDAA နှင့် ရက္ခိုင် AA တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကွတ်ခိုင်၊ နမ်ဖတ်ကာ စသည့် ပြည်ထောင်စု လမ်းမတစ်လျှောက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာခြင်းဖြစ်သည်။

ထို့နောက် သြဂုတ်လ (၃၁)ရက်နေ့ ကျိုင်းတုံမြို့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် အဆိုမြောက်ပိုင်းအဖွဲ့ ၄ ဖွဲ့နှင့် အစိုးရပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးစင်တာ NRPC တို့သည် အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...