လိပ်ကျွန်းအမှုမှ မြန်မာနှစ်ဦးအတွက် အသနားခံစာတင်ရေး ထိုင်းရှေ့နေကောင်စီနှင့်ဆွေးနွေး

လိပ်ကျွန်းအမှုမှ မြန်မာနှစ်ဦးအတွက် အသနားခံစာတင်ရေး ထိုင်းရှေ့နေကောင်စီနှင့်ဆွေးနွေး
ဓာတ်ပုံ-MOFA
ဓာတ်ပုံ-MOFA

သေဒဏ် အယူခံကို ထိုင်းအမြင့်ဆုံးတရားရုံးမှ ပယ်ချခံလိုက်ရသည့် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက သွားရောက်တွေ့ဆုံခဲ့ပြီး အသနားခံစာတင်ရေးအတွက် ထိုင်းရှေ့နေများကောင်စီနှင့် ဆွေးနွေးခဲ့သည်ဟု သိရသည်။

သံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်သည့် သံရုံးတာဝန်ရှိသူများက စက်တင်ဘာ ၅ ရက်က ထိုင်းနိုင်ငံ၊ နွမ်ထဘူရီခရိုင်၊ Bang Kwang အကျဉ်းထောင်၌ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာသည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်း (Koh Tao) တွင် ဗြိတိန်နိုင်ငံသား နှစ်ဦးအား သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ထားခြင်းခံရသည့် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်း(ခေါ်)ဝေဖြိုး တို့အား ၎င်းတို့နှစ်ဦးအတွက် မြန်မာအစိုးရကိုယ်စား သံရုံးမှဆောင်ရွက်ပေးနေသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရသည်။

ထို့နောက် မြန်မာနိုင်ငံသားနှစ်ဦးအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ် လျော့ပေါ့ရေးအတွက် အသနားခံစာတင်ရန် ထိုင်းရှေ့နေများကောင်စီသို့ သွားရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အသနားခံစာ ပြင်ဆင်ရန် Timeframe နှင့် အသေးစိတ်အစီအစဉ်များကို သံရုံးသို့ တင်ပြမည်ဖြစ်ကြောင်း ထိုင်းဘက်မှ ပြောဆိုခဲ့ပြီး မြန်မာသံရုံးဘက်ကလည်း မြန်မာနိုင်ငံသားနှစ်ဦး ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက် ဆောင်ရွက်ရန်ရှိသည်များကို ထိုင်းရှေ့နေများကောင်စီနှင့်အတူ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ချခံထားရသော မြန်မာနိုင်ငံသား နှစ်ဦးနှင့်ပတ်သက်၍ သက်ညှာပေးရန် စဉ်းစားပေးစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သေးသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလပိုင်းက ဗြိတိန်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိုင်းနိုင်ငံရှိ ကော့တောင်ကျွန်း(လိပ်ကျွန်း)၌ အသတ်ခံခဲ့ရပြီးနောက် အောက်တိုဘာ ၂ ရက်နေ့တွင် မြန်မာလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့ပြီး အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးမှု၊ လူသတ်မှုများဖြင့် တရားစွဲဆိုခဲ့ပြီး တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် ကော့စမွေခရိုင်တရားရုံးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလပိုင်းက သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာလုပ်သား နှစ်ဦးသည် အစောပိုင်းက ကျူးလွန်ကြောင်းဝန်ခံခဲ့သော်လည်း စစ်ဆေးမေးမြန်းမှုများကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ မကျူးလွန်ကြောင်း ထွက်ဆိုခဲ့ကြသည်။

ထိုအမှုအတွက် အယူခံအဆင့်ဆင့်ကို ဝင်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ နွန်ထဘူရီတရားရုံးတွင် စစ်ဆေးပြီးနောက် နောက်ဆုံးအယူခံကို ရှုံးနိမ်ခဲ့ခြင်းဖြစ်သည်။

အယူခံရှုံးနိမ့်သည့်ရက်မှ ရက် ၆၀ အတွင်း ထိုင်းဘုရင်ထံ သေဒဏ်မှ ပယ်ဖျက်ပေးရေး အသနားခံစာတင်ရန် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...