ချင်းပြည်နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သတ်ပြီး ထိထိရောက်ရောက်လုပ်ဆောင်နိုင်မှုမရှိသေးဘဲ NGO အနေဖြင့်လည်း ကိုင်တွယ်ရန် ခက်ခဲနေသေးကြောင်း ဂရုဏာလူမှုဖွံ့ဖြိုးရေးအသင်း (KMSS) ချင်းပြည်နယ်ရုံး၏ စီမံကိန်းမန်နေဂျာ ဆလိုင်းဒေ့ါသ်လျန်မှုန်းမှ ပြောသည်။
“ကလေးလုပ်သားကတော့ အားလုံးမြင်တဲ့အတိုင်း လမ်းလုပ်ငန်းမှာဘဲဖြစ်ဖြစ်၊ ဆိုင်တွေမှာလည်းအများကြီးဘဲ၊ ကျနော်တို့ဆီမှာလည်း သူတို့နဲ့ပါတ်သတ်တဲ့ လုပ်စရာအစီအစဉ်တွေရှိတယ်၊ ဒါပေမယ့် ကျနော်တို့ ခုချိန်ထိ မကိုင်တွယ်နိုင်သေးဘူး၊ အဓိကတော့ ကျနော်တို့ အစီအစဉ်တွေလုပ်လိုက်ရင် သူတို့နဲ့ အလုပ်ရှင်ကြား ဖြစ်လာမယ့်ပြသနာကို ကိုင်တွယ်ဖို့ အစီအစဉ်မလုပ်နိုင်သေးဘူး၊ ဒီကိစ္စမှာ အစိုးရအနေနဲ့လည်း ထဲထဲဝင်ဝင် ကူညီဖို့လိုအပ်တယ်၊ အခုလက်ရှိအနေအထားအရ ချင်းပြည်နယ်မှာ ကလေးလုပ်သားနဲ့ပတ်သတ်ပြီး ကူညီဆောင်ရွက်ပေးတာ ကျွန်တော်တို့ သိသလောက်ဘာမှမရှိသေးဘူး”ဟု KMSS ချင်းပြည်နယ်ရုံး၏ စီမံကိန်းမန်နေဂျာ ဆလိုင်းဒေ့ါသ်လျန်မှုန်းမှ ပြောသည်။
ချင်းပြည်နယ်အစိုးရအနေဖြင့် ကလေးသူငယ်အလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်ပြီး ကလေးသူငယ်အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂ရက်နေ့တွင် ချင်းပြည်နယ်အစိုးရ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး လုပ်ငန်းကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်မှ လူမှုစီးပွားရေးဘ၀ ကြပ်တည်းမှုကြောင့် ကလေးလူငယ်လူရွယ်များသည် ပညာရေး ဆုံခန်းတိုင် မသင်ကြားနိုင်ဘဲ ကလေးအလုပ်သမားအဖြစ် အသုံးချခံနေရကြောင်း၊ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် အိမ်ထောင်ဦးစီးနှင့် မိသားစုဝင်များကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း နှင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ကလေးများဝင်ရောက် လုပ်ကိုင်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်အစိုးရ၏ ကလေးသူငယ်အလုပ်သမား ပပျောက်ရေးနှင့်ပတ်သတ်ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေအနေများကို မေးမြန်းရန် ချင်းပြည်နယ် ကလေးသူငယ်အလုပ်သမား ပပျောက်ရေးဆိုင် လုပ်ငန်းကော်မတီ ဥက္ကဌ၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဖွေအားကို ချင်းဝေါလ်သတင်းဌာနမှ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပေ။
ချင်းပြည်နယ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးအနိမ့်ကျဆုံးပြည်နယ်ထဲတွင်ပါဝင်နေသည့် အကြောင်းရင်းထဲတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းပညာရေးကို ဆုံးခန်တိုင် သင်ကြားခြင်း မရှိသည့် အချက်လည်းပါဝင်ပြီး ကလေးသူငယ်အလုပ်သမား ပပျောက်ရေးစီမံချက်သည်လည်း ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုတွင်ပါဝင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတွင် လုပ်ကိုင်နေသူ တစ်ချို့မှပြောသည်။







