တရုတ်နိုင်ငံသို့ တရားမဝင်အလုပ်သမားပို့ဆောင်ပေးသည့် ပွဲစားကို အရေးယူရန် တိုင်ချက်ဖွင့်

တရုတ်နိုင်ငံသို့ တရားမဝင်အလုပ်သမားပို့ဆောင်ပေးသည့် ပွဲစားကို အရေးယူရန် တိုင်ချက်ဖွင့်

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ ချင်းလူမျိူး (၃) ဦးအား အခကြေးငွေယူကာ တရုတ်နိုင်ငံသို့ ပိုဆောင်ပေးခဲ့သည့် ပွဲစား ၂ ဦးကို အရေးယူပေးရန် ကာယကံရှင်များကိုယ်တိုင်က ဖလမ်းမြို့မရဲစခန်းထံသို့ အမှုတိုင်ချက်ဖွင့်ထားသည်ဟု သိရသည်။

ဖြစ်စဉ်မှာ ကလေးမြို့၊ မြို့လှရပ်ကွက်ကျေးရွာနေထိုင်သူ မောင်လားလ်ရဲမ်းလျန်နှင့် ဇနီး မဗျက်ရဲမ်ဆုန်းတို့သည် ဖလမ်းမြို့

တလန်ရောန်ကျေးရွာသို့လာရောက်ပြီး တရုတ်နိုင်ငံတွင် အလုပ်အကိုင်ရရှိရေးအတွက် ပို့ဆောင်ပေးနိုင် ကြောင်း ပို့ဆောင်ခအဖြစ်တစ်ဦးလျှင် မြန်မာငွေ တစ်သိန်းခွဲပေးဆောင်မည်ဖြစ်ပြီး တစ်လကို တရုတ်ယွမ်ငွေ (၄၀၀၀) ရရှိမည်ဖြစ်ကြောင်းပြောဆိုစည်းရုံးခဲ့သည်ဟုသိရသည်။

၎င်းတို့၏ ပြောဆိုစည်းရုံးမှုကြောင့် ဖလမ်းမြို့နယ် တလန်ရောန်ကျေးရွာနေ မောင်ငွန်နယ်ထန်း ၊ ဖလမ်းမြို့ တလန်လိုရပ်ကွက်နေ မောင်သျှန်းနယ်ဘွဲ့ မောင်တလွန်းနိုးဇူလ်တို့ကို ကျပ်ငွေတသိန်းခွဲစီဖြင့် မောင်လားလ်ရဲမ်းလျန်နှင့် ဇနီးမှ မူဆယ်အထိပို့ဆောင်၍ တရုတ်နိုင်ငံအတွင်း(၇)ရက်နေထိုင်ခွင့်လက်မှတ်ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသို့ပို့ဆောင်ခဲ့ကြသည်ဟု အဆိုပါတိုင်ချက်တွင်ဖော်ပြထားသည်။

သို့သော်လည်း တရုတ်နိုင်ငံသို့ ၎င်းတို့အလုပ်အကိုင်ရရှိခဲ့သည့် အလုပ်မှာ တရားဝင်အလုပ်မဟုတ်သဖြင့် လုပ်ခငွေ အပြည့်အဝမရရှိဘဲ မြန်မာပြည်သို့ပြန်လာကာ သူတို့ကိုပို့ဆောင်ပေးသည့် ပွဲစား ၂ ဦးကို အရေးယူပေးရန် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ အခကြေးငွေယူကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးသူ မောင်လားလ်ရဲမ်းထန်းနှင့် ဇနီး မဗျက်ရဲမ်းဆုန်းတို့ကို ပြည်ပအလုပ်အကိုင်ဆိုင်ဥပဒေပုဒ်မ (၂၆) ဖြင့်

အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီး ၎င်းတို့ ၂ ဦးသည် ထွက်ပြေးတိမ်းရှောင်နေသည်ဟု ဖလမ်းမြို့ ရဲစခန်းမှ ရဲအုပ်ငွေစိုးကပြောသည်။

“အဲဒီအမှုဖွင့်ထားတဲ့ နှစ်ယောက်က တရားခံတွေက အမှုနဲ့ရှောင်နေတာ၊ သူတို့ကိုဖမ်းဖို့သွားတယ် သူတို့ကနေအိမ်မှာမရှိဘဲနဲ့ သူတို့ရှောင်နေတယ်လေ

ရှောင်နေတော့ သူ့အဖေရယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့တွေ့ပြီးတော့မှကျနော်တို့က သူတို့အမှုရင်ဆိုင်ဖို့ကိုတော့ ကျနော်တို့ကအုပ်ချုပ်ရေးမှူးနှင့် သူတို့အဖေတို့ကိုပြောထားခဲ့တာတော့ရှိတယ်”

ဟု ပြောသည်။

မြန်မာနိုင်ငံဗဟို အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာနမှ တရုတ်နိုင်ငံကို အလုပ်သမားအဖြစ်သော်လည်းကောင်း အကျိုးတော်ဆောင်အဖြစ်သော်လည်းကောင်း လုံးဝခွင့်ပြုထားတာမရှိခြင်းကြောင့် တရုတ်နိုင်ငံတွင်အလုပ်လုပ်ကိုင်ရန်မသွားသင့်ကြောင်း ရဲအုပ်ငွေစိုးကပြောသည်။

“လက်ရှိကျနော်တို့မြန်မာနိုင်ငံကနေ ကျနော်တို့အလုပ်အကိုင်ရှာဖွေရေး agency ဆိုပြီး တရားဝင်ခွင့်ပြုထားတာကတော့ ကျနော်တို့ စင်ကာပူရှိတယ် ဂျပန်ရှိတယ် ကိုးရီးယားရှိတယ် ထိုင်းရှိတယ် မလေးရှားရှိတယ် ကျနော်တို့တရုတ်နိုင်ငံကကျတော့ ကျနော်တို့ မြန်မာနိုင်ငံဗဟိုပေါ့ အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာနကနေပြီးတော့ တရုတ်နိုင်ငံကို လုံးဝ အလုပ်သမားအဖြစ်သော်လည်းကောင်း အကျိုးတော်ဆောင်ဖြစ်သော်လည်းကောင်း လုံးဝခွင့်ပြုထားတာမရှိဘူးဗျ မရှိတဲ့အတွက် တရုတ်နိုင်ငံကိုအလုပ်လုပ်သွားဖို့အတွက် ဘဝအာမခံချက်မရှိဘူး အဲဒီအတွက် ကျနော်တို့အနေနဲ့ပြောရမယ်ဆိုရင် တရုတ်နိုင်ငံကို သွားပြီးတော့ အလုပ်မလုပ်သင့်ဘူးလို့ ကျနော်တို့ကယူဆတယ်” ဟု ရဲအုပ်ငွေစိုးကပြောသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...