ဟားခါးမြို့တွင် H1N1 ရောဂါပိုးကူးစက်ခံရသူ (၂) ဦးတွေ့ရှိ

ဟားခါးမြို့တွင် H1N1 ရောဂါပိုးကူးစက်ခံရသူ (၂) ဦးတွေ့ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ရာသီတုပ်ကွေးရောဂါ (Influenza A (H1N1) pdm09) ဖြစ်ပွားသူ (၂) ဦး စတင်တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၏ ထုတ်ပြန်ချက်အရသိရသည်။

ထုတ်ပြန်ချက်အရ ချင်းပြည်နယ်တွင် H1N1 ရောဂါဖြစ်ပွားသူ (၂) ဦးရှိပြီး လက်ရှိအချိန်၌ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် H1N1 ကြောင့်သေဆုံးသူ (၁၀၆) ဦးအထိရှိလာကြောင်း ဖော်ပြထားသည်။

ချင်းပြည်နယ်၌  H1N1 ကူးစက်ရောဂါစစ်ဆေးချက်အရ ယခုရောဂါဖြစ်ပွားသူ (၂) ဦးမှာ ဆေးရုံတက်ရလောက်သည့် အခြေအနေမျိုးတွင်မရှိသေးကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်ငွေစံကပြောသည်။

“တွေ့ရှိပါတယ်၊ ဒါပေမဲ့ လူနာတွေက ဆေးရုံတောင်မတက်ရပါဘူး၊ ဖျားတာ၊ နာတာ၊ ချောင်းဆိုးတာနဲ့ ဆရာတို့က ဒါများတွဲပြီးဖြစ်နိုင်မလားဆိုပြီး စစ်လိုက်တာ၊ စစ်လိုက်တော့ ရောဂါပိုးတွေ့တယ်၊ လူနာတွေက ဆေးရုံတောင်တက်ဖို့မလိုသေးဘူး၊ ဟားခါးမြို့ပေါ်ကပဲ၊ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ပါ၊ ဆယ်ရက်ဝန်းကျင်လောက်တော့ရှိပြီ၊ အရမ်းစိုးရိမ်ရတဲ့အခြေအနေမှာတော့ မရှိသေးပါဘူး၊ အခု ဒီနှစ်ယောက်တွေ့တယ်ဆိုတာကလည်း ဒီနှစ်ယောက်က အိပ်ရာထဲလဲသွားရလောက်တဲ့အထိ မဖြစ်သေးဘူး၊ သာမန် ဖျားတာ၊ နာတာ၊ ချောင်းဆိုးတာဆိုတော့၊ ကဲဒါလေးတော့ စစ်ကြည့်ရအောင်ဆိုပြီးတော၊့ H1N1 ဖြစ်နေနိုင်မလားပေါ့ ဆိုပြီးစစ်လိုက်တာပါ၊ စစ်လိုက်တော့ ရောဂါပိုးတွေ့တယ်၊ လူနာက ဆေးရုံတောင်မတက်ရပါဘူး၊ အေးအေးဆေးဆေးပါပဲ” ဟု ဒေါက်တာအောင်ငွေစံကပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ သြဂုတ်လ ၃၀ ရက်နေ့အထိ စာရင်းအရ H1N1 ကူးစက်ရောဂါပိုးရှိ/မရှိ ဓာတ်ခွဲစစ်ဆေးခံရသူ စုစုပေါင်း (၁၅၁၁) ဦးရှိပြီး ၎င်းတို့အထဲမှ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ (၆၄၄) ဦးနှင့် ဓာတ်ခွဲအတည်ပြုသေဆုံးသူ (၁၀၆) ဦးရှိကြောင်းသိရသည်။

H1N1 ကူးစက်ရောဂါပိုးသည် ရောဂါဖြစ်ရှိနေသူ/ရောဂါကြွနေသူ နှာစေး၊ ချောင်းဆိုးသည့်အခါ အနီးအနားတွင် ရောဂါပိုးမွှားများပြန့်နေတတ်ပြီး လက်များအား သေချာမဆေးကြောပါက လက်မှတဆင့် မိမိနှာခေါင်း၊ မိမိပါးစပ်များအားထိမိပြီး အလွယ်တကူကူးစက်နိုင်ပြီး မကြာခဏ လက်ဆေးခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု အလွန်အရေးကြီးကြောင်း ဒေါက်တာအောင်ငွေစံကပြောသည်။

တစ်ကိုယ်ရေသန့်ရှင်းမှုရှိသူများနှင့် ကိုယ်ခံအားကောင်းနေသည့်သူများထံ ရောဂါကူးစက်မှု မလွယ်ကူကြောင်းလည်း ပြည်နယ်ကျန်းမာရေးညွှန်ကြားရေးမှူး ဒေါက်တာအောင်ငွေစံကဆက်ပြောသည်။ H1N1 ကူးစက်ရောဂါသည် တုပ်ကွေးရောဂါလက္ခဏာများအပြင် အဖျားကြီးခြင်း၊ အသက်ရှုကျပ်ခြင်းနှင့် အသက်ရှုရခက်ခြင်း၊ သတိလစ်ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်း စသည်တို့ ဖြစ်ပွားနိုင်ပြီး ၎င်းရောဂါကြောင့် သေဆုံးသူအများစုသည် အသက်အရွယ်ကြီးသူများ၊ အသက်ငယ်သူများ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် အသက်ရှုလမ်းကြောင်းရောဂါ စသည့် နာတာရှည်ရောဂါအခံရှိသူများဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်းသိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...