မိုးရေးမြို့တွင် ဆန္ဒပြမှုကြောင့် တမူးနယ်စပ်ကုန်သွယ်ရေးရပ်တန့်

မိုးရေးမြို့တွင် ဆန္ဒပြမှုကြောင့် တမူးနယ်စပ်ကုန်သွယ်ရေးရပ်တန့်

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့တွင် လတ်တလောဖြစ်ပွားနေသည့် ဆန္ဒပြပွဲကြောင့် အိန္ဒိယ-မြန်မာ အမှတ်(၁) တမူး-မိုးရေးနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပိတ်ပင်ထားသည်ဟု သိရသည်။

နှစ်နိုင်ငံနယ်စပ်ဂိတ်မှတဆင့် တမူးမြို့နန်းဖာလုံဈေးမှ ဝယ်ယူတင်သွင်းသော ကုန်ပစ္စည်များကို နယ်စပ်တွင် တာဝန်ကျသော အိန္ဒိယနယ်ခြားစောင့်တပ်များက တင်းတင်းကြပ်ကြပ်စစ်ဆေးမှုများပြုလုပ်နေသည်ကို မကျေနပ်သည့်အတွက် သြဂုတ်လ (၂၁) ရက်နေ့ကစ၍ မိုးရေးဒေသခံများ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု နန်းဖာလုံဈေးဥက္ကဌ ဦးခင်မောင်ချိုကပြောသည်။

“အခုဒီနေ့နဲ့ဆိုရင် နှစ်ရက်ရှိသွားပြီ ကျနော်တို့ဖက်ကသွားတဲ့ ပစ္စည်းတွေကိုသူတို့ အရမ်းကြီးစစ်ဆေးလွန်းလို့မို့ ကျနော်တို့ဘက်ကသွားတာကို ကွန်မန်ဒိုတပ်ရင်းမှူးကအရမ်းကြီးစစ်ဆေးတဲ့အခါကျတော့ ဒီကျနော်တို့ဖက်ကကုန်သည်တွေမှာလည်း ဒုက္ခရောက်တယ် မိုးရေးကကုန်သည်တွေလည်းဒုက္ခရောက်တယ် သူတို့နဲ့ဆက်စပ်နေတဲ့အလုပ်သမားတွေ ကားသမားတွေ သုံးဘီးသမားတွေကအစပေါ့ အရမ်းကြီးဒုက္ခရောက်တယ် ဒီလိုစစ်ဆေးမှုတွေများလွန်းလို့ ဖြေလျော့ပေးဖို့ပေါ့နော် ဒီလိုစစ်ဆေးမှုတွေမလုပ်ပဲ အရင်အတိုင်းပဲ ချောချောမွေ့မွေ့ သွားဖို့လာဖို့ အဲဒီရဲ့အနေအထားကို သူတို့ပြန်ရချင်လို့ ဆန္ဒပြကြတာပါ” ဟု နန်းဖာလုံဈေးဥက္ကဌ ဦးခင်မောင်ချိုကပြောသည်။

နန်းဖာလုံဈေးမှတဆင့် နယ်စပ်ဂိတ်ကိုဖြတ်ကျော်၍ မိုးရေးမြို့သို့ တင်သွင်းသည့် ကုပစ္စည်းများကို အိန္ဒိယနယ်ခြားစောင့်တပ်များက ယခင်ကထက် တင်းတင်းကြပ်ကြပ်စစ်ဆေးလာခြင်း၊ ကုန်ပစ္စည်းများကို ဖောက်ထုတ်စစ်ဆေးလေ့ရှိသည့်အတွက် ပျက်စီးမှုများလာသည်ဟု သိရသည်။

ယင်းကိစ္စကြောင့် မိုးရေးမြို့နေပြည်သူများက မြို့တွင်းကာလမ်းမကြီးများကို ပိတ်ပင်ခြင်း၊ ကားတာယာ၊ ပီပါပုံးများမီးရှို့ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“ဒီတစ်ရက်ရောင်းအားက ကျနော်တို့မြန်မာနိုင်ငံတစ်နိုင်ငံ ကျနော်တို့ရဲ့တမူးနယ်စပ်ပေါက်က ကျနော်တို့နိုင်ငံရဲ့ ဝင်ငွေအများဆုံးရအောင်လုပ်ပေးနေတဲ့ နေရာတနေရာလို့ပြောရင်လည်းရတယ် ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ သွင်းကုန်မရှိပဲ ထုတ်ကုန်ပဲရှိတယ် ထုတ်ကုန်ဆိုတာ ဟိုဘက်ကမ်းကိုရောင်းတဲ့ ပစ္စည်းက (၉၀) ရာခိုင်နှုန်းလောက်ရှိတယ် ကျနော်တို့ပြန်ဝယ်ရတာဟာ (၁၀) ရာခိုင်နှုန်းလောက်ရှိတယ် ဆိုတော့ တစ်ရက်နှစ်ရက်ပိတ်တာနဲ့လည်း နစ်နာမှုရှိတာပေါ့’’ ဟု နန်းဖာလုံဈေးဥက္ကဌ ဦးခင်မောင်ချိုကပြောသည်။ ဆန္ဒပြပွဲကို မည်သည့်အချိန်ထိ ဆက်လက်ပြုလုပ်မည်ကို မသိရသေးပေ။ ယခုလက်ရှိတွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ရပ်တန့်လျက်ရှိသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...