ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်စီမံကိန်းဧရိယာအတွင်း အစိုးရခွင့်ပြုချက်မရဘဲ နေအိမ်များဆောက်ကြသည့် ကျူးကျော်အိမ်များကို မနက်ဖြန် (သြဂုတ်လ ၂၀) ရက်နေ့တွင် ချင်းပြည်နယ်အစိုးရက ဖျက်ဆီးတော့မည်ဟု သိရသည်။
ချင်းပြည်နယ်ဟားခါးမြို့ အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ယနေ့ကျင်းပပြုလုပ်သော ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် သတင်းမီဒီယာများလစဉ်ပုံမှန်တွေ့ဆုံပွဲတွင် ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်က ယခုကဲ့သို့ ပြောဆိုခဲ့သည်။
“မနက်ဖြန် ကျွန်တော်တို့ အစိုးရတာဝန်ရှိသူတွေ စုပေါင်းရုံးမှာ နံနက် ရး၀၀ နာရီကနေ လူစုပြီးတော့ ၈း၀၀ နာရီ လောက်ကနေ စတင်ဖျက်ဆီးတော့မှာဖြစ်ပါတယ်။ ညနေ ၆း၀၀ နာရီအထိပေါ့။ ၈ အိမ်ကတော့ ပိုင်ရှင်တွေက မိမိဘာသာ ဖျက်ဆီးပါ့မည်ဆိုလို့ သူတို့အတွက် အစိုးရက သင့်တော်တဲ့အကူအညီပေးဖို့ စီစဉ် နေတယ်။ ကျန်တဲ့ အိမ်တွေကိုတော့ အကုန်ဖျက်ဆီးမှာပါ” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောဆိုခဲ့သည်။
ဟာခါးမြို့သစ်စီမံကိန်းမြေနေရာသည် ဟားခါးမြို့မှ ထန်တလန်မြို့သွားကားလမ်းနဘေး ဂေါက်ကွင်းအနီးတွင် အကောင်ထည်ဖော်ဆောင်ခြင်းဖြစ်ပြီး နဂိုက လူနေအိမ် (၈) လုံးသာရှိပြီး စီမံကိန်းစတင်အကောင်ထည်ဖော်ကာ လမ်းများစဖောက်လုပ်သည့်နောက်ပိုင်း တဖြည်းဖြည်းနှင့် ပြောင်းရွှေ့အခြေချနေထိုင်သူများလာပြီး လက်ရှိတွင် အိမ်ခြေ (၁၃၅) လုံးရှိနေပြီဖြစ်သည်။
ကျူးကျော်အိမ်ဆောက်သူများအနေဖြင့် မိမိဘာသာ နေအိမ်များဖျက်ပြီးထွက်သွားကြရန် ချင်းပြည်နယ်အစိုးရက ၂ လကျော်ကြာအချိန်ပေးခဲ့သော်လည်း ထိုကဲ့သို့လုပ်ဆောင်ခြင်းမရှိသည့်အတွက် ချင်းပြည်နယ်အစိုးရက အင်အားသုံး ဖယ်ရှားရန် စီစဉ်နေခြင်းဖြစ်သည်။
ကျူးကျော်အိမ်များဖျက်ဆီးရာတွင် သက်ဆိုင်ရာ ဌာန တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် အခြားသော ဌာနဆိုင်များ ပါဝင်မည်ဖြစ်ပြီး ချင်းပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့၏ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါသည်။
မိမိတို့ဘာသာ နေအိမ်ဖျက်မည်ကို အစိုးရကို ပြောထားသည့် ကျူးကျော်သူ ၈ အိမ် ပိုင်ရှင်များကိုမူ အစိုးရက အိမ်နေရာ သီးသန့်ချထားပေးရန် စီစဉ်နေကြောင်း ဝန်ကြီး ဦးစိုးထက်ကပြောသည်။
ဧက ၆၇၆ ကျယ်ဝန်းသော ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဟားခါးမြို့သစ်စီမံကိန်းတွင် အိမ်နေရာများကို ၃ ပိုင်းခွဲပြီး အိမ်နေရာပေးမှာဖြစ်ရာ ပေ ၁၀၀ ပတ်လည်ကို သိန်း ၅၀၊ ပေ ၈၀ ပတ်လည်ကို ၃၅ သိန်း၊ ၆၀x၈၀ ပေကို ၂၅ သိန်းနှင့် ၄၀x၆၀ ပေကို ကျပ်ငွေ ၁၀ သိန်းအသီးသီးဖြင့် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ဦးစိုးထက်က ဆိုပါသည်။
အဆိုပါနေရာတွင် အိမ်နေရာ ၇၁၂ နေရာချပေးမည်ဖြစ်ပြီး ပေ ၁၀၀ ပတ်လည် အိမ်ကွက် ၂၂၊ ပေ ၈၀ ပတ်လည် အိမ်နေရာ ၇၅၊ ပေ ၆၀x၈၀ နေရာ ၄၄၅ ကွက်နှင့် ပေ ၄၀x၆၀ အိမ်နေရာ ၁၇၅ ကွက်အသီးသီး ချထားရန်ရှိကြောင်း သိရသည်။
ယခုလက်ရှိတွင် အိမ်ကွက်လျှောက်ထားသူ လူ ၂၀၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်းသိရပြီး မည်သည့်အချိန်ကနေ အိမ်ကွက်အသစ် စတင်ချပေးမည်ကိုမူ မသိရသေးပေ။ (Photos - The Chinland Post)







