ဦးမျိုးရန်နောင်သိမ်းကို ပါတီတာဝန်မှ ရပ်ဆိုင်း၊ ဦးအောင်စိုး နုတ်ထွက်လွှာ လက်ခံ

ဦးမျိုးရန်နောင်သိမ်းကို ပါတီတာဝန်မှ ရပ်ဆိုင်း၊ ဦးအောင်စိုး နုတ်ထွက်လွှာ လက်ခံ

NLD ဗဟိုသုတေသနအဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ပါတီတာဝန်များမှ ရပ်ဆိုင်းလိုက်ပြီး ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးအောင်စိုးရဲ့ နုတ်ထွက်လွှာကို လက်ခံအတည်ပြုလိုက်တယ်လို့ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းအပေါ် စစ်ဆေးထားတာအတွက် အစီရင်ခံစာ တက်ပါတယ်။ ဒီအစီရင်ခံစာကို ကျွန်တော်တို့ ဗဟိုအလုပ်မှုဆောင်အဖွဲ့က လက်ခံအတည်ပြုလိုက်တဲ့အတွက် ဦးမျိုးရန်နောင်သိမ်းကို မိမိအား ပေးအပ်ထားခြင်းမရှိတဲ့လုပ်ငန်းများကို ဆောင်ရွက်ခြင်းအတွက် ပါတီစည်းကမ်း အရေးယူပြီးတော့ ပါတီတာဝန်များက ရပ်ဆိုင်းတဲ့ ပြစ်ဒဏ် ချမှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ငန်းမျိုးကို လုပ်ဆောင်ခဲ့တာကြောင့်လဲဆိုတာကိုတော့ ပါတီတွင်းကိစ္စဖြစ်လို့ အကျယ်တဝင့် ရှင်းပြခြင်းမရှိဘူးလို့လည်း သိရပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့က နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာတွင် ကျင်းပပြုလုပ်တဲ့ NLD CEC အစည်းအဝေး အပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဒေါက်တာမျိုးညွန့်က ပြန်လည်ဖြေကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကတည်းက တိုင်စာတစ်ခုကြောင့် ဦးမျိုးရန်နောင်သိမ်းကို ပါတီတာဝန်တွေမှ ခေတ္တ ရပ်နားထားတာ ဖြစ်ပါတယ်။  ဦးဉာဏ်ဝင်း ခေါင်းဆောင်တဲ့ စစ်ဆေးရေးအဖွဲ့က ဦးမျိုးရန်နောင်သိမ်းကို စစ်ဆေးခဲ့တာဖြစ်ပြီး စတင်စစ်ဆေးစဉ်က သူ့အနေနဲ့ စိုးရိမ်မှု မရှိဘူးလို့ ပြောဆိုထားခဲ့ပါတယ်။

ဦးမျိုးရန်နောင်သိမ်းရဲ့ ကိစ္စအပြင် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးအောင်စိုးရဲ့ နုတ်ထွက်လွှာကို ပါတီမှ လက်ခံအတည်ပြုလိုက်တယ်လို့ ထပ်မံသိရပါတယ်။

“ နောက်ဆုံးဖြတ်ချက်တစ်ခုကတော့ကျွန်တော်တို့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးရဲ့ ပါတီမှ နုတ်ထွက်လွှာ တင်သွင်းထားခြင်းကို အခု အစည်းအဝေးကနေပြီးတော့ လက်ခံအတည်ပြုလိုက်ပါတယ်” လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုးက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက နုတ်ထွက်စာ တင်ထားတာ ဖြစ်ပြီး အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသူ တနင်္သာရီဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ရဲ့  ခဲအိုလည်း ဖြစ်ပါတယ်။

ဒေါက်တာလဲ့လဲ့မော်က ဦးအောင်စိုးရဲ့ သမီးဖြစ်သူကို သူရဲ့ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်ထားတဲ့ကိစ္စ အပါအဝင် ဆွေမျိုးနီးစပ်သူတွေကို တင်ဒါခေါ်ယူခြင်းမရှိဘဲ လုပ်ငန်းများချထားပေးခြင်းနဲ့ အခြားကိစ္စရပ်တွေ အတွက် တိုင်ကြားခံရပြီး အဂတိနဲ့ စစ်ဆေးခံနေရတာလည်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...