စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ် ဟားခါးမြို့အထိ ဆက်သွယ်သော ကလေး-ဖလမ်း-ဟားခါးလမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းသည် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းဖြစ်သည့်အတွက် လုပ်ငန်းများနှောင့်နှေးနေသလိုဖြစ်သော်လည်း မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းကပြောသည်။
သြဂုတ်လ (၁၄) ရက်နေ့ ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းမှ “ကလေး-ဖလမ်း- ဟားခါးလမ်းအား အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာတွင် World Bank မှ ဆောင်ရွက်မည့် အပိုင်းများအား သတ်မှတ်ပြီး ကျန်အပိုင်းများအား ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆောလျင်စွာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းမှ ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ကလေး-ဖလမ်း-ဟားခါးလမ်းမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းဖြစ်သည်နှင့် အညီ နားလည်မှုသဘောတူညီချက်စာချုပ်ပါ စည်းကမ်းချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပြီး အဆင့်ကျော် ဆောင်ရွက်မှုများပြုလုပ်၍မရတဲ့အတွက် လုပ်ငန်းများစတင်ရန် နှောင့်နှေးနေသလိုဖြစ်သော်လည်း လမ်းဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်လုပ်ငန်း အဖွဲ့တို့အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများ မကြာခဏပြုလုပ်လျက်ရှိနေပြီး လုပ်ငန်းများ ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းကဖြေကြားခဲ့သည်။
မိုင်ပေါင်း ၁၂၄ မိုင်ရှည်လျားသော ကလေး-ဖလမ်း-ဟားခါးလမ်းကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ (၆၆.၈၀) သန်းဖြင့် အဆင့်မြှင့်တင်ဆောင်ရန် နားလည်မှုသဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ကြပြီး ပထမဆင့်အနေဖြင့် ပထမဆုံးအဆင့်အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ ဆိုင်ရာ လေ့လာဆန်းစစ်မှုကို Cardno အမည်ရှိ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ လေ့လာ ဆန်းစစ်ရေးအဖွဲ့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ထို့အပြင် Design ပုံစံထုတ်ခြင်း၊ ရရှိလာသော ဒီဇိုင်းများအရ လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရန်၊ တင်ဒါခေါ်ယူရန် တင်ဒါစာရွက်စာတမ်းများ ပြုစုခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲရန်အတွက် နိုင်ငံတကာဒီဇိုင်းနှင့် ကြီးကြပ်မှုအတိုင်ပင်ခံအဖွဲ့ (International Design and Supervision Consulting Firm)အား ကမ္ဘာ့ဘဏ်၏ စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ တင်ဒါခေါ်ယူခဲ့ပြီး ရွေးချယ်စိစစ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ နောက်ဆုံးစိစစ်ရွေးချယ်မှုအဆင့်သို့ ရောက်ရှိနေပြီဟု ဒုဝန်ကြီးကပြောသည်။
စာချူပ်သဘောတူညီချက်အရ လမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် သိုင်ငင်း မှ ဟားခါးလမ်းပိုင်းအထိ ဆောင်ရွက်မည်ဖြစ်ပြီး ကလေးမြို့မှ သိုင်ငင်းအထိ လမ်းပိုင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ကျေးငွေဖြင့်ဆောင်ရွက်မည်ဟု သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အတွက် ပြည်ထောင်စု/ပြည်နယ် ငွေလုံးငွေရင်းလျာထားရန်ပုံငွေ ကျပ်(၇.၇၇)ဘီလီယံအား တင်ပြတောင်းခံထားပြီးဖြစ်ကြောင်း ဒုဝန်ကြီးကပြောသည်။







