အေအေတပ်ဖွဲ့ကပြန်လွှတ်ပေးသည့် ကင်းတလင်းရွာသား ဓမ္မဆရာတစ်ဦးနှင့် အင်တာဗျူး

အေအေတပ်ဖွဲ့ကပြန်လွှတ်ပေးသည့် ကင်းတလင်းရွာသား ဓမ္မဆရာတစ်ဦးနှင့် အင်တာဗျူး

ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့ကနေ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်ကို (၅) ကျော်ကြာ ဖမ်းဆီးထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာသား (၃၉) ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ (၃၁) ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂) ရက်နေ့က ကင်းတလင်းရွာသား (၅၄) ဦးကို အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား တာဖြစ်ပါတယ်။ သူတို့ထဲက ရွာသား (၁၄) ဦးဟာ အေအေတပ်စခန်းကနေ ထွက်ပြေးလွှတ်မြောက်ခဲ့ကြပါတယ်။ တစ်ဦးကတော့ နေမကောင်းဖြစ်ပြီး သေဆုံးတဲ့အတွက် အေအေတပ်စခန်းမှာ ရွာသား (၃၉) ဦး ကျန်ရှိခဲ့တာဖြစ်ပါတယ်။

ကင်းတလင်းရွာသား (၃၉) ဦးကို အမြန်ဆုံးပြန်လွှတ်တော်ပေးဖို့ ခူမီးချင်းမျိူးနွယ်စုများရေးရာကောင်စီ၊ ချင်းလူ့အခွင့်အရေး အဖွဲ့တို့က အကြိမ်ကြိမ်တောင်းဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ (၃၁) ရက်နေ့မှာတော့ အေအေတပ်ဖွဲ့က ကင်းတလင်း ရွာသား (၃၉) ဦးကို ကောင်းကောင်းမွန်မွန်နဲ့ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အေအေတပ်ဖွဲ့ကနေ ပြန်လွှတ်ပေးတဲ့ ကင်းတလင်းရွာသား (၃၉) ဦးထဲမှာပါတဲ့ အသက် (၃၈) နှစ်အရွယ် The Evangelical Methodist Church (EMC) အသင်းတော်ရဲ့ အမှုတော်ဆောင်ဓမ္မဆရာ ဦးစိန်မြကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ဖေဖော်ဝါရီလ (၂) နေ့က အေအေတပ်ဖွဲ့က ရွာသားတွေကို ဖမ်းပြီးခေါ်သွားတာလား၊ ရွာသားတွေက ကိုယ့်သဘောနဲ့ အေအေတပ်ဖွဲ့နောက်ကိုလိုက်သွားတာလား။

ဖြေ – ကျနော်တို့ကို ပထမက အကုန်လုံးပဲသွားရမယ်လို့ပြောတယ် ခမောက်ဝက ရခိုင်တွေလည်း ကင်းတလင်းမှာပဲလာစုတယ်၊ ကျနော်တို့က မလိုက်ပါရစေနဲ့လို့တောင်းဆိုတယ် မလိုက်ချင်ဘူးဆိုရင် ကျန်ခဲ့ပါလို့ပြောတယ် အစမှာတော့ ခွင့်ပြုတယ်ဆိုတော့ အိမ်ပြန်ကြတယ် ည (၈) နာရီလောက်မှာ သူတို့က အဓမ္မအနေနဲ့ပေါ့ အကုန်လုံးပဲ အုပ်ချူပ်ရေးမှူးအိမ်မှာ လာစုလိုက်တော့ဆိုပြီးခေါ်တော့ ဒီတိုင်းပဲ အဝတ်တတည်းနဲ့ပဲ လိုက်သွားရတာ၊ ကိုယ့်သဘောနဲ့ သွားခဲ့တာမဟုတ်ဘူး သူတို့ကခေါ်သွားလို့ ကျနော်တို့က လိုက်ခဲ့တာ။

မေး – အဲလိုခေါ်သွားတော့ အေအေတွေက ဘယ်မှာထားလဲ၊ သူတို့တပ်စခန်းမှာလား၊ ဘယ်လိုမျိုးနေထိုင်ကြရလဲ။

ဖြေ – ကျနော်တို့ ပထမကတော့ သူတို့ စခန်းမှာတော့ ရောက်ခဲ့တယ် ရောက်ပြီးတော့ ပြီးမှ ကျနော်တို့ကို ရွာတစ်ရွာအနေနဲ့ တည်ပြီးနေခိုင်းတယ်။

မေး – အဲဒီမှာ (၅) လကျော်ကြာနေခဲ့ရတာဆိုတော့ ဟိုမှာ ဘာတွေလုပ်ကြရလဲ၊ အေအေက ဘာတွေခိုင်းလဲ။

ဖြေ – အဲဒီနေရာမှာ နေတဲ့အခါမှာ သူတို့ရဲ့ (အေအေ) ဝန်ထုပ်ဝန်ပိုးတွေလည်း သယ်ကူတယ် ပြီးတော့ တောင်ယာတွေလုပ်ခိုင်းတယ် တောင်ယာတွေလုပ်ပေးတယ် သူတို့ပဲလုပ်ခိုင်းတာဖြစ်တယ် ကျနော်တို့လုပ်တာမဟုတ်ဘူး သူတို့လုပ်ခိုင်းတာပေါ့။

မေး – အစားအသောက်ရော ပုံမှန်စားရလား။ နှိပ်စက်ခံရတာမျိုးရှိလား။

ဖြေ – အစားအသောက်ကတော့ ပုံမှန်ပဲပေးတယ် ဆီ၊ ဆား၊ ငါးပိ အကုန်လုံး အစားအသောက်တော့အဆင်ပြေပါတယ်။ ညှင်းပန်းနှိပ်စက်တာတော့မရှိဘူး သူတို့ရိက္ခာတွေ၊ ဝန်ထုပ်ဝန်ပိုးတွေထမ်းဖို့ကတော့ ပုံမှန်ပဲ ကျနော်တို့ိကိုခေါ်တယ် သယ်ယူဖို့ခေါ်တာ အဲလိုပဲရှိတယ်။

မေး – အခု အေအေတွေက ဘာကြောင့်ပြန်လွှတ်ပေးလိုက်တာလဲ၊ ရွားသားတွေကတောင်းဆိုလို့ လွှတ်ပေးတာလား။

ဖြေ – အေအေတွေကို ကျနော်တို့လည်းတောင်းဆိုတယ် ကျနော်တို့ချင်းဝန်ကြီး အိုက်ဇက်ခင်လည်း တောင်းတယ်ဆိုတော့ ကျနော်တို့ကိုခေါ်ပြီးမှ ကျနော်တို့ကို ပြန်ချင်လားလို့ပဲမေးတယ် မေးတဲ့အခါကျတော့လည်း ကျနော်တို့ကလည်း ပြန်ချင်ပါတယ်လို့ပြောတယ် သူတို့ကပြန်ချင်ရင်တော့ ပြန်လွှဲပို့ပေးမယ်ဆိုပြီးတော့ အဲလိုပြောတယ်။

မေး – အခု မီးဇာကျေးရွာကို ပြန်ရောက်ပြီဆိုတော့ စိုးရိမ်ကြောင့်ကျမှုတွေရှိသေးလား။

ဖြေ – အခုချိန်မှာတော့ သူတို့ကို ကျနော်တို့က ကြောက်တော့ကြောက်တာပေါ့ သူတို့က ၂၀၁၉-၂၀၂၀ အပြီးပိုင် ထိုးစစ်ဆင်မယ်ဆိုတဲ့ စကားလုံးတွေ ကျနော်တို့ကြားနေရတော့ အခုကျနော်တို့က စိုးရိမ်မှုတော့ရှိတာပေါ့ နောက်လာမယ့်ဟာတွေကို ဘယ်လိုဖြစ်လာမလဲမသိဘူးပေါ့။

မေး – အခုအဲဒီအေအေတပ်စခန်းမှာ ဘယ်သူတွေကျန်သေးလဲ။

ဖြေ – အခုကျနော်တို့ ကင်းတလင်းက ခူမီးလူမျိုးတွေက မကျန်တော့ဘူး အကုန်လုံးရောက်ခဲ့ပြီးပြီ အခုကျန်တာက ခမောင်း၀ ရခိုင်ရွာတစ်ရွာပဲ သူတို့ကကျန်ခဲ့တယ် သူတို့ကမပြန်သေးဘူး။

မေး – အခုနေထိုင်တဲ့နေရာကရော အဆင်ပြေလား။ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ – အခုသိပ်အဆင်မပြေသလိုပေါ့ ကျနော်တို့အဆင်မပြေတာက အိုးအိမ်တွေ၊ ပြီးတော့ ငွေရေးကြီးရေးကတစ်ပြားမှမရှိတာဖြစ်တယ် ငွေရေးကြေးလည်းမရှိဘူး အိမ်လည်းမရှိဘူး ပြီးတော့ ကျနော်တို့ဒီနေရာမှာနေတာလည်း စိတ်ဇဝေဇဝါဖြစ်ပြီးတော့ မသေချာသလိုဖြစ်တယ် အဲဒါနဲ့ အထက်ကနေ လုံလုံခြုံခြုံနဲ့ဆိုရင်တော့ ကျနော်တို့ စိတ်ချမ်းသာမှာပေါ့ အားပေးစကားလေးကြားရရင်ပေါ့ အခုတော့ ဘာအားပေးစကားမှလည်း မကြားရတဲ့အခါကျတော့ ဘယ်လိုဖြစ်မလဲဆိုတာနဲ့ နောက်ဘာလာမလဲဆိုတာ မသိဘူးပေါ့။ (ဓာတ်ပုံ – ကင်းတလင်း ရွာသားများ)

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...