ဖားကန့်တွင် ကမ်းပါးယံပြိုကျပြီး ၁၃ လောင်း တွေ့ရှိ၊ ခုနစ်ဦး ပျောက်ဆုံးဆဲဖြစ်

ဖားကန့်တွင် ကမ်းပါးယံပြိုကျပြီး ၁၃ လောင်း တွေ့ရှိ၊ ခုနစ်ဦး ပျောက်ဆုံးဆဲဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကမ်းပါးယံတစ်ခု ယနေ့ နံနက်အစောပိုင်းက ပြိုကျမှုကြောင့် မြေပိမိပြီး သေဆုံးသူ ၁၃ လောင်းအထိ တွေ့ရှိထားပြီဟု ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းက မဇ္စျိမသို့ အတည်ပြုပြောသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၈ ရက်၊ နံနက် နှစ်နာရီခန့်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ကောင်စံကျေးရွာ ၊ ကရင်ချောင်ကျေးရွာ ၊ ချောင်းဖျားကျေးရွာအနီးရှိ အမြင့်ပေ ၅၀၀ ခန့်ရှိသော စိန်လုံတောင် ကျောက်စိမ်း ကမ်းပါးယံ ပြိုကျခဲ့ခြင်းဖြစ်သည်။

ပြိုကျရာနေရာသည် လုပ်ငန်း ရပ်နားထားသောကုမ္ပဏီလုပ်ကွက်ဖြစ်ပြီး ဝန်ထမ်းအစောင့် ၁၄ ဦးနှင့် အနီးဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင် ငါးဦးရှိသည့် ရဲကင်းတို့ ရှိကြောင်း သိရသည်။

ထို့ကြောင့် စုစုပေါင်း လူ ၁၉ ဦး ရှိသည့်အနက် ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန် ၁၇ ဦးမှာ မြေပြို ပိမိခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ရောက်တဲ့အချိန်။ အားလုံးက ၁၃ ဦး ရတယ်။ ၁၀ ဦးက ကုမ္ပဏီဝန်ထမ်း ဖြစ်တယ်။ သုံးဦးကတော့ စုံစမ်းဆဲပေါ့။ အမည်မသိပေါ့နော်” ဟု ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။

ထို့ကြောင့် လတ်တလော တွေ့ရှိထားသော အမည်မသိ ရုပ်အလောင်း ၃ လောင်းမှာ တရားမဝင် လာရောက် လုပ်ကိုင်နေသည့် ရေမဆေးကျောက်ရှာလုပ်သားများဟု ယူဆရဖွယ် ရှိနေသည်။ ဇူလိုင်၂၈ ရက် ညနေ ငါးနာရီခွဲအထိ ကုမ္ပဏီဝန်ထမ်း လေးဦးနှင့် ရဲတပ်ဖွဲ့ဝင် သုံးဦးကိုမူ  ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

ဖားကန့်ဒေသတွင် မြေစာပုံများ၊ ကမ်းပါးယံပြိုကျမှုများ နှစ်စဉ် မကြာခဏဖြစ်ပွားပြီး လူ ရာဂဏန်းထိ အများဆုံး သေဆုံးခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း စုစုပေါင်းသေဆုံးသူ ထောင်ဂဏန်းခန့်ရှိသည်။

မိုးရာသီတွင် မြေပြိုမှုများ ရှိသောကြောင့် လူ အစုလိုက်၊ အပြုံလိုက် သေဆုံးမှုများကို ကာကွယ်တာဆီးနိုင်ရန် ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများကို ဇူလိုင် တစ်ရက်နေ့မှ စက်တင်ဘာလကုန်အထိ မိုးတွင်းကာလ သုံးလကို တရားဝင်ရပ်နားထားရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (မကလ) မှ ညွှန်ကြားထားသည်။

ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ငန်းခွင်အား ဇူလိုင်လ ၁၇ရက်နေ့က တွေ့မြင်ရစဉ်။ ဓာတ်ပုံ - NYEIN CHAN NAING/EPA

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...