အပြန်အလှန် စွပ်စွဲမှုများဖြင့် ပါတီတွင်း ပွတ်တိုက်မှုများ ကြုံနေရဟု NLD ဒုဥက္က႒ပြော

အပြန်အလှန် စွပ်စွဲမှုများဖြင့် ပါတီတွင်း ပွတ်တိုက်မှုများ ကြုံနေရဟု NLD ဒုဥက္က႒ပြော
   (ဓာတ်ပုံ- အီးပီအေ)
(ဓာတ်ပုံ- အီးပီအေ)

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအတွင်း အပြန်အလှန် စွပ်စွဲမှုများဖြင့် ပါတီတွင်း ပွတ်တိုက်မှုများ ရှိနေကြောင်း NLD ဒုတိယဥက္က႒ ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားလိုက်သည်။

ပါတီနှင့် ပါတီဝင် လွှတ်တော်အမတ်များအကြား၊ ပါတီနှင့် ပါတီက ခန့်ထားသည့် အစိုးရအဖွဲ့ဝင်များအကြား ပွတ်တိုက်မှုများ ရှိနေကြောင်း၊ အဆိုပါ ကိစ္စများသည် မရှိသင့်၊ မရှိအပ်ကြောင်းနှင့် ပွတ်တိုက်မှုများကို ဆွေးနွေး အဖြေရှာရမည့် ဒီမိုကရေစီ ယဉ်ကျေးမှုကိုပင် မကျင့်သုံးနိုင်သေးကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

“ကျွန်တော်တို့ ခရောင်းတောကြီးတောင် ဖြတ်ခဲ့ပြီးပြီဗျာ။ ဘာမှ မဖြစ်ဘူး။ အခု ရောင်နီကာလ ကြိုးစားပမ်းစား လုပ်နေရဦးမယ့် အချိန်မှာ ပွတ်တိုက်မှုတွေ ကြုံလာတယ်” ဟု ၎င်းက ဆိုသည်။

ပျဉ်းမနားမြို့တွင် ဇူလိုင် ၂၁ရက်က ကျင်းပသည့် နေပြည်တော်ခရိုင်အတွင်းရှိ ပါတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားတွင် အာဏာရပါတီ၏ ဒုတိယခေါင်းဆောင်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပါတီနှင့် ပါတီဝင် လွှတ်တော်အမတ်များ၏ ပွတ်တိုက်မှုအဖြစ် “ပါတီကို ကျောခိုင်းသွားတယ်။ ပါတီရဲ့ စကားကို နားမထောင်တော့ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေက ‘ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်’ လုပ်နေကြတယ်။ ပြည်သူအပေါ်မှာ မောက်မာလာတယ် ဆိုတဲ့ စွပ်စွဲချက်တွေ အမျိုးမျိုးနဲ့ ပွတ်တိုက်မှု ရှိတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ထို့ပြင် ပါတီနှင့် ပါတီက ခန့်ထားသည့် အစိုးရအဖွဲ့ဝင်များ၏ ပွတ်တိုက်မှုအဖြစ် “အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက အောက်ခြေလွတ်သွားတယ်။ ဒီရာထူးရတာ ပြည်သူ့ကြောင့်ရတာ၊ ငါတို့ကြောင့်ရတာ ဆိုတာလည်း မေ့သွားတယ်။ ပါတီဝင်တွေကို ဂရုမစိုက်တော့ဘူး။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်မပေးတော့ဘူး ဆိုပြီးတော့ အစိုးရအဖွဲ့ဝင်တွေနဲ့ ပွတ်တိုက်မှု ရှိလာတယ်” ဟု မန္တလေးတိုင်းဝန်ကြီးချုပ်လည်း ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်က တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ထို့ကြောင့် ပါတီ၊ အစိုးရနှင့် လွှတ်တော်အမတ်များ တွေ့ဆုံ၊ ညှိနှိုင်းကာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်၊ ပြင်ဆင်ရမည်ဟုလည်း တွေ့ဆုံပွဲတွင် ၎င်းက ပြောဆိုခဲ့သည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သမ္မတ ဦးဝင်းမြင့်ကော၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု NLD ဘက်က ထုတ်ဖော်၊ ပြောဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...