ယနေ့တိုင် ကြန့်ကြာနေသည့် ဟားခါးမြို့ပေါ် ရေပေးဝေရေး စီမံကိန်းအတွက် မည်သည့်ကုမ္ပဏီကိုမှ စိတ်မချရခြင်းကြောင့် စည်ပင်ဌာနကိုယ်တိုင် ကျန်ရှိသေးသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။
စည်ပင်ဝန်ကြီးဦးစိုးထက်က “ဘယ်ကုမ္ပဏီကိုမှ မခိုင်းတော့ဘူး။ တကယ်တမ်း ဘယ်ကုမ္ပဏီမှ မစိတ်ချရဘူး။ နဂိုကလည်း ဟားခါးရေပေးဝေရေးက စည်ပင်ကဘဲလုပ်မယ် လုပ်တော့ မြို့မိမြို့ဖတွေက စည်ပင်ကို မခိုင်းနဲ့ ကုမ္ပဏီနဲ့ဘဲ လုပ်ဆိုတော့ ကုမ္ပဏီနဲ့လုပ်တာ အခုလိုခက်ကုန်တာ။ စည်ပင်နဲ့သာလုပ်ခဲ့မယ်ဆိုရင် ဒီလိုဒုက္ခတွေဖြစ်နေမှာမဟုတ်ဘူး။ စည်ပင်မှာ အင်ဂျင်နီယာ ကလည်း(၃၈)ယောက်ရှိတယ်။ စည်ပင်အင်ဂျင်နီယာတွေနဲ့ လုပ်ရင်ပြီးပြီ။ ကုမ္ပဏီမှာ အင်ဂျင်နီယာမရှိ ဘာမရှိနဲ့ လုပ်တာ အခုထိဒုက္ခရောက်ကုန်တာ”ဟုပြောသည်။
သူကဆက်ပြီး စည်ပင်ဝန်ကြီးဦးစိုးထက်က “စည်ပင်နဲ့ ဆောင်ရွက်မယ် ဒီနှစ် ဒီဇင်ဘာလမတိုင်ခင်တော့ အပြီးဆောင်ရွက်သွားမှာဖြစ်တယ်။ မနက်ဖြန် ပြည်နယ်လွှတ်တော်မှာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း စည်ပင်ဘတ်ဂျက်အနေနဲ့ထည့်ထားတယ်။ အဲဒါမနက်ဖြန် ပြည်နယ်လွှတ်တော်မှာ ၂၂၀ သန်း ထုတ်ပြီးတော့ အသုံးပြုနိုင်အောင် စီစဉ်နေတယ်”ဟုပြောသည်။
ဟားခါးမြို့ပေါ်တွင်ရေအဓိက အခက်ခဲဆုံးသော မြို့သစ်ရပ်ကွက်နှင့် ဈေးသစ်ရပ်ကွက်ရှိ အုပ်စု(၆) ကို ရေအမြန်ရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တော်သာနှင့် မြို့ဟောင်းဖက်ခြမ်းရှိ အုပ်စုများကို နောက်ထပ်သိန်းလေးထောင်ရမှသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ဟားခါးမြို့ဒေသခံဖြစ်သူ ဆလိုင်းဟုန်းရှိန်းမာန်က “ ရေကိုဝယ်ပြီးသုံးနေရပါတယ်။ တစ်လကို သုံးသောင်းနဲ့လေးသောင်းကြားအကုန်ကျခံပြီး ရေကိုဝယ်ရတယ်။ မိုးရာသီမှာတော့ မိုးရေကို သုံးတာများတယ်” ဟုပြောသည်။
ချင်းပြည်နယ် မြို့တော်ဖြစ်သည့် ဟားခါးမြို့တွင် ရပ်ကွက်ကြီး ခုနှစ်ခုရှိပြီး စည်ပင်မှ ရေလုံလုံလောက်လောက် မဖြန့်ဖြူးနိုင်သည့်အတွက် မိုးရွာသည့်အချိန်များတွင်သာ ရေလုံလောက်မှုရှိပြီး ကျန်သည့်အချိန်များတွင် ရေကို ဝယ်ယူသုံးစွဲနေရသည်။







