စစ်ရေးပြအခမ်းအနားက အစိုးရနှင့် တပ်မတော်ကို ယှဉ်ပြိုင်သည့် သဘောမျိုးမဟုတ်ဟု UWSA ထုတ်ပြန်

စစ်ရေးပြအခမ်းအနားက အစိုးရနှင့် တပ်မတော်ကို ယှဉ်ပြိုင်သည့် သဘောမျိုးမဟုတ်ဟု UWSA ထုတ်ပြန်
Photo EPA
Photo EPA

နေပြည်တော်(ဇွန်လ ၆ရက်၊ ၂၀၁၉ခုနှစ်)။ ။ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် (၃၀)ပြည့်တွင် ထည့်သွင်းကျင်းပသည့် စစ်ရေးပြအခမ်းအနားသည် အစိုးရနှင့် တပ်မတော်အပေါ် ယှဉ်ပြိုင်သည့် သဘောမျိုး မရှိကြောင်း ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က ထုတ်ပြန်လိုက်သည်။

ဧပြီလအတွင်းက ဌာနချုပ် ပန်ဆန်းတွင် UWSA က စစ်လက်နက်ပစ္စည်း အပြည့်အစုံဖြင့် ချီတက်ခဲ့သည့် စစ်ရေးပြအခမ်းအနားသည် စင်ပြိုင်အစိုးရ၊ စင်ပြိုင်တပ်မတော် ပုံစံ ဖြစ်နေပြီး ငြိမ်းချမ်းရေးလိုချင်၍ အစွမ်းကုန် သည်းခံနေခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောကြားချက်အပေါ် UWSA က ဇွန်လ ၄ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တပ်မတော်၏ အဆိုပါ ပြောဆိုချက်သည် “ဆီလျော်မှု မရှိ”  ဘဲ “ကျွန်တော်တို့ ‘ဝ’ ပြည်နယ် အနေနဲ့ တပ်မတော်ကို ရန်သူလို သဘောမထားပါ။ အခြား တိုင်းရင်းသားလက််နက်ကိုင် အဖွဲ့အစည်းများကိုလည်း ရန်သူလို သဘောမထားပါ” ဟု UWSA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သမိုင်းအစဉ်အဆက်အရ မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့၏ အရေးကြီးသော ပွဲတော်များကို ဂုဏ်ပြုရာတွင် အလားတူ စစ်ရေးပြအခမ်းအနား ကျင်းပလေ့ ရှိကြပြီး “ဒီကိစ္စရပ်အပေါ် အတွေးမလွန်ရန် ပြောကြားလိုပါသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇွန်လ ၂ရက်က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက UWSA ၏ အဆိုပါ စစ်ရေးပြအခမ်းအနားသည် စင်ပြိုင်အစိုးရ၊ စင်ပြိုင်တပ်မတော် ပုံစံမျိုး ဆောင်ရွက်သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ထိုအခမ်းအနားကို တပ်မတော်က တက်ရောက်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ် စိုးနိုင်ဦးက “တပ်မတော်က တစ်ခုပဲ ရှိတယ်။ ငြိမ်းချမ်းရေးကို လိုချင်နေလို့၊ ဒါကြောင့် ကျွန်တော်တို့က အစွမ်းကုန် သည်းခံနေတာ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြောဆိုမှုသည် တပ်မတော်၏ အခန်းကဏ္ဍသာ ဖြစ်ပြီး ဝင်ရောက်စွက်ဖက်၍ မရဘဲ ၎င်းတို့ အနေဖြင့် တပ်မတော်နှင့် အခြားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို မိတ်ဆွေလို သဘောထားကြောင်း UWSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် UWSA က အစဉ်တစ်စိုက် တောင်းဆိုနေပြီး တပ်မတော်ဘက်ကမူ UWSA အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် လိုကြောင်း ပြောကြားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...