ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို NCA ရေးထိုးပြီးမှသာ ဆောင်ရွက်နိုင်မည်ဟု ဆို

ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို NCA ရေးထိုးပြီးမှသာ ဆောင်ရွက်နိုင်မည်ဟု ဆို

ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိနိုင်ရန် NCA ရေးထိုးပြီးမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က “ဝ” အထူးဒေသ(၂) ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ်(၃၀)ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သော သဝဏ်လွှာဟု ဖော်ပြထားပြီး ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဧပြီ ၁၇ ရက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ ၀” ဒေသ ငြိမ်းချမ်းရေးလက်မှတ်ထိုးမှု နှစ် ၃၀ ပြည့် အခမ်းအနားကို ၀ ဒေသ ရှိ ပန်ဆန်းတွင် ကျင်းပနေခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်( Nationwide Ceasefire Agreement-NCA ) သည် “ဝ” အထူးဒေသ (၂) အပါအဝင် တိုင်းရင်းသားများ မျှော်လင့်သော အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရေး ဆိုသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လျှောက်လှမ်းရာတွင် တံခါးပေါက်တစ်ခု ဖြစ်ကြောင်း၊ လမ်းဆုံးပန်းတိုင်မဟုတ်ကြောင်း ထည့်သွင်း ပြောကြားထားသည်။

ထို့ပြင် NCA ရေးထိုးပြီးပါက NCA လွှမ်းခြုံခြင်းမရှိသော ကိစ္စရပ်များ ရှိလာပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်၍ သဘောတူညီမှုရယူနိုင်ကြောင်း အလေးနက်ထား အသိပေးလိုကြောင်း ပါရှိသည်။

လက်ရှိတွင် အစိုးရအနေဖြင့် ၀ အပါအဝင် ကျန်တိုင်းရင်းသားအဖွဲ့များ ညီလာခံစားပွဲဝိုင်းများတွင် ပါဝင်လာရေး ကြိုးပမ်းနေကြောင်း၊ လက်ရှိတည်ဆောက်ထားသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် အဆင့်မှ ပြည်ထောင်စုလွှမ်းခြုံသော ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်သည့်အဆင့် တက်လှမ်းရန် တိုက်တွန်းကြောင်း ယင်းသဝဏ်လွှာတွင် ပါရှိသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး အသီးအပွင့် ခံစားနေရသော ၀ ပြည်သူများအတွက် ဝမ်းမြောက်ကြောင်းပါ ထည့်သွင်းဖော်ပြထားသည်။

“ ၀” ဒေသ ငြိမ်းချမ်းရေးလက်မှတ်ထိုးမှု နှစ် ၃၀ ပြည့် အခမ်းအနားသို့ အစိုးရဖက်မှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

UWSA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့(FPNCC) သည် NCA လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ ပလောင်ပြည်နယ်လွတ်လပ်ရေးတပ်ဦး(PSLF/TNLA)၊ ရက္ခိုင့်တပ် (AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်လွတ်လပ်ရေး( KIO)၊ ရှမ်းအဖွဲ့(SSPP) တို့ ပါဝင်နေသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က KNU, RCSS, DKBA, KNLA-PC, CNF, ALP, ABSDF စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က NCA ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...