မြစ်ဝကျွန်းပေါ်နေ ကရင်လူမျိုးများ ရိုးရာနည်းအတိုင်း စုပေါင်းအရိုးကောက်ပွဲ ကျင်းပပြုလုပ်

မြစ်ဝကျွန်းပေါ်နေ ကရင်လူမျိုးများ ရိုးရာနည်းအတိုင်း စုပေါင်းအရိုးကောက်ပွဲ ကျင်းပပြုလုပ်

 မြစ်ဝကျွန်းပေါ်နေ ကရင်လူမျိုးများ၏ ရိုးရာဓလေ့တစ်ခုဖြစ်သည့် အရိုးကောက်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဘုရားနှစ်ဆူကျေးရွာ၌ ယမန်နေ့ (မတ်လ ၃၁ရက်)က ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်း ထိန်း သိမ်းပြုလုပ်ခဲ့သည့် နည်းများအတိုင်း စုပေါင်းကာ  ကျင်းပပြုလုပ်ခဲ့ကြသည်။

 

၎င်းဒေသခံကရင်လူမျိုးများသည် သေလွန်သွားသူ တို့၏ ကြွင်း ကျန်ရစ်သောအရိုး စုကို ဆွေမျိုးများရှိရာ  သို့ ပြန်လည် ပို့ဆောင်ပေးရမည်ဟု ယုံကြည်မှုများအရ မြစ်ဝ ကျွန်းပေါ်နေ ကရင်ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းလာခဲ့သည့် ရိုးရာဓလေ့တစ်ခုလည်း ဖြစ်သည်။

 

ကရင်ရိုးရာ စုပေါင်းအရိုးကောက်ပွဲ ဦးဆောင်ကျင်းပသူ မန်းနေထွေးက “ဘိုးဘေးဘီဘင် အဆက်ဆက်က လုပ်လာတဲ့ တို့ကရင်တွေရဲ့ ရိုးရာ အစဉ်အလာ တစ်ခုလေ။ အရိုးမကောက်ပေးရင် သေတဲ့လူတွေက မကျွတ်လွတ်ဘဲ သရဲတစ္ဆေ ဖြစ်နိုင်တယ်လို့လည်းအယူဆရှိတယ်။ အဲ့ဒါကြောင့် သေပြီး ဘယ်နှစ်နှစ်ဖြစ်ဖြစ် အရိုးကောက်ကတော့ မဖြစ်မနေ လုပ်ပေးရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

 

အဆိုပါ ကရင်ရိုးရာ အရိုးကောက်ပွဲကို ဗုဒ္ဓဘာသာ ကရင်လူမျိုး အများစုမှ ပြုလုပ်ကြခြင်းဖြစ်ပြီး သေလွန်သူများအား မီးသြင်္ဂိုဟ်၍ကျွင်းကျန်ရစ်သော အရိုးများကို အိုးထဲတွင် သေချာသိမ်းဆည်းထားကာ နီးစပ်ရာ ဒေသအလိုက် အနည်းဆုံး တစ်နှစ်တစ်ကြိမ်နှင့် အများဆုံး (၅)နှစ် တစ်ကြိမ်ဖြင့် နွေရာသီတွင် ရိုးရာထုံးတမ်း အစဉ်အလာအရ စုပေါင်း ကျင်းပပြုလုပ် ကြခြင်း ဖြစ်သည်။

 

ကရင်ရိုးရာ အရိုးကောက်ပွဲတွင် သေဆုံးသူများ၏ အရိုးစုများကို ကောက်ယူပြီး အုန်းရည်ဖြင့် သန့်စင်စွာ ဆေးကြောကာ ငှက်ပျောပင်၊ ကြံပင်များ စိုက်ထူပြီး ရာဇမတ်ကာရံကာ သဲဖြူခင်းသည့်နေရာ၌ ရွှေအိုး ငွေအိုး ထဲတွင် ထည့်ထားသော အရိုးစု အိုးများကို ရွှေပလိုင်း ငွေပလိုင်းများတွင် ထည့်ထားရသည်။ ထိုနောက် ပြန်လည် ပို့ဆောင်သည့်ပုံစံဖြင့်  ပြုလုပ်ကြရသည်။  အဆိုပါ ကရင်ရိုးရာ အရိုးကောက်ပွဲကို ဒေသအလိုက် ပြုလုပ်သည့် ပုံစံမှာ အနည်းငယ် ကွာခြားမှုများလည်းရှိသည်ဟု သိရသည်။

 

ထို့အပြင် ကရင်ရိုးရာ အရိုးကောက်ပွဲကို ရှေးယခင် ရိုးရာနည်းအတိုင်း စုပေါင်းအရိုးကောက်သည့်ပုံစံဖြင့် အရိုးကောက်ပွဲများ  ပြုလုပ်ခဲ့ကြသော်လည်း လက်ရှိတွင် သေပြီးသည်နှင့် တစ်ပြိုင်နက် သြင်္ဂိုဟ်ကာ ရက်လည်ဆွမ်းကျွေးနှင့် အရိုးကောက်ပွဲကို ပူးတွဲလုပ်လာသူများ ရှိလာပြီး ယခင်ရိုးရာနည်းအတိုင်း စုပေါင်းပြုလုပ်သည့်ဓလေ့များလည်း ကျန်ရှိနေသေးကြောင်း ဦးဆောင် အရိုးကောက်သူများ၏ ပြောပြချက်များအရ သိရသည်။

April 4, 2026
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး...
Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...