အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊ မီဇိုရမ်ပြည်နယ်တွင် (၁၀) နှစ်နီးပါး မကျင်းပဖြစ်တော့သည့် ချင်းအမျိူးသားနေ့ကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ အသစ်တဖန် ပြန်လည်ကျင်းပကြတော့မည်ဟု သိရသည်။
ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်မည့် (၇၁) နှစ်မြောက် ချင်းအမျိူးသားနေ့ကို မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့တွင် Chin Pawlpi အဖွဲ့မှ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး အထူးဧည့်သည် တော်ကြီးအဖြစ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်ငါ၊ စစ်ကိုင်းတိုင်းချင်းရေးရာဝန်ကြီးဟောင်း ပူးနိုးထန်ကပ်နှင့် ချင်းပြည်နယ် လျှပ်စစ်နှင့်စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်တို့ကို ဖိတ်ကြားထားသည်ဟု Chin Pawlpi အတွင်းရေးမှူး S.Huliana က ပြောသည်။
“အခုလို ချင်းအမျိုးသားနေ့ကို ပြန်လည်ကျင်းပရခြင်းမှာ မီဇိုရမ်ပြည်နယ်မှာ ချင်းလူမျိုးများစွာနေထိုင်ကြတယ်။ ဘုရားသခင် ပေးသနားတော်မူသော ဒီအမျိုးသားနေ့ကို မကျင်းမပနိုင်တာဟာ ဝမ်းနည်းဖို့ကောင်းတယ်၊ ဒါကြောင့် မိမိတို့အမျိုးသားနေ့ကို ဒီနှစ်ကစပြီး ပုံမှန်ကျင်းပသွားဖို့ ရည်ရွယ်ပါတယ်” ဟု S. Huliana ကပြောသည်။
ချင်းအမျိုးသားနေ့ကို ကြိုဆိုသောအားဖြင့် ဖေဖော်ဝါရီ (၁၉) ရက်နေ့တွင် အားကစားပွဲတော် ကျင်းပမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီ (၂၀) ရက်နေ့ညတွင် Vanapa ခန်းမ၌ ချင်းအမျိုးသားနေ့ကို ကျင်းပသွားမည်ဖြစ်သည်။
မီဇိုရမ်ပြည်နယ်တွင် ချင်းအမျိုးသားနေ့ကို ၂၀၀၉ ခုနှစ်နောက်ပိုင်းက၍ တာဝန်ယူဦးဆောင်ကျင်းပမည့်အဖွဲ့အစည်းများ မရှိကြတော့သည့်အတွက် ကျင်းပနိုင်ခြင်းမရှိခဲ့ကြပေ။
ယခုအခါ (၁၀) နှစ်နီးပါးခန့်ကြာပြီးနောက် ပြန်လည်ကျင်းပကြမည်ဖြစ်သည်။
ချင်းအမျိုးသားနေ့တွင် ကလေးတက္ကသိုလ်မှ ယဉ်ကျေးမှုအကအဖွဲ့ Falam phunsang tlawng Cultural Dance Group လူဦးရေ (၂၀) ကျော် လာရောက်မှာဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ ချင်းအဆိုတော်များဖြစ်ကြသော JH Thang နှင့် Mai Ma Kim တို့ကိုလည်း ဖိတ်ကြားထားပြီး ၎င်းအပြင် မီဇိုရမ်အဆိုတော်များဖြစ်ကြသော G.Lalsangliana, Baby Z.Tlau, Angaihtei နှင့် Ma Biaki တို့ကိုလည်း ဖိတ်ကြားထားသည်။
ထို့အပြင် ဧည့်သည်တော်အဖြစ် Central Young Mizo Association (CYMA) ဥက္ကဌ Pu Vanlalruata နှင့် Shilong မြို့မှ Pu Tialkulhthanga တို့ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။
ချင်းအမျိူးသားနေ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့သည် မီဇိုရမ်ပြည်နယ်၏ State Day (ပြည်နယ်နေ့) ဖြစ်သည်။







