မီဇိုရမ်ပြည်နယ်တွင် (၁၀) နှစ်နီးပါး မကျင်းပဖြစ်တော့သည့် ချင်းအမျိုးသားနေ့ ပြန်လည်ကျင်းပမည်

မီဇိုရမ်ပြည်နယ်တွင် (၁၀) နှစ်နီးပါး မကျင်းပဖြစ်တော့သည့် ချင်းအမျိုးသားနေ့ ပြန်လည်ကျင်းပမည်
ဓာတ်ပုံ – ဖလမ်းမြို့တွင် ကျင်းပခဲ့သည့် ၆၉ နှစ်မြောက် ချင်းအမျိူးသားနေ့ပုံ
ဓာတ်ပုံ – ဖလမ်းမြို့တွင် ကျင်းပခဲ့သည့် ၆၉ နှစ်မြောက် ချင်းအမျိူးသားနေ့ပုံ

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊ မီဇိုရမ်ပြည်နယ်တွင် (၁၀) နှစ်နီးပါး မကျင်းပဖြစ်တော့သည့် ချင်းအမျိူးသားနေ့ကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ အသစ်တဖန် ပြန်လည်ကျင်းပကြတော့မည်ဟု သိရသည်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်မည့် (၇၁) နှစ်မြောက် ချင်းအမျိူးသားနေ့ကို မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့တွင် Chin Pawlpi အဖွဲ့မှ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး အထူးဧည့်သည် တော်ကြီးအဖြစ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်ငါ၊ စစ်ကိုင်းတိုင်းချင်းရေးရာဝန်ကြီးဟောင်း ပူးနိုးထန်ကပ်နှင့် ချင်းပြည်နယ် လျှပ်စစ်နှင့်စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်တို့ကို ဖိတ်ကြားထားသည်ဟု Chin Pawlpi အတွင်းရေးမှူး S.Huliana က ပြောသည်။

“အခုလို ချင်းအမျိုးသားနေ့ကို ပြန်လည်ကျင်းပရခြင်းမှာ မီဇိုရမ်ပြည်နယ်မှာ ချင်းလူမျိုးများစွာနေထိုင်ကြတယ်။ ဘုရားသခင် ပေးသနားတော်မူသော ဒီအမျိုးသားနေ့ကို မကျင်းမပနိုင်တာဟာ ဝမ်းနည်းဖို့ကောင်းတယ်၊ ဒါကြောင့် မိမိတို့အမျိုးသားနေ့ကို ဒီနှစ်ကစပြီး ပုံမှန်ကျင်းပသွားဖို့ ရည်ရွယ်ပါတယ်” ဟု S. Huliana ကပြောသည်။

ချင်းအမျိုးသားနေ့ကို ကြိုဆိုသောအားဖြင့် ဖေဖော်ဝါရီ (၁၉) ရက်နေ့တွင် အားကစားပွဲတော် ကျင်းပမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီ (၂၀) ရက်နေ့ညတွင် Vanapa ခန်းမ၌ ချင်းအမျိုးသားနေ့ကို ကျင်းပသွားမည်ဖြစ်သည်။

မီဇိုရမ်ပြည်နယ်တွင် ချင်းအမျိုးသားနေ့ကို ၂၀၀၉ ခုနှစ်နောက်ပိုင်းက၍ တာဝန်ယူဦးဆောင်ကျင်းပမည့်အဖွဲ့အစည်းများ မရှိကြတော့သည့်အတွက် ကျင်းပနိုင်ခြင်းမရှိခဲ့ကြပေ။

ယခုအခါ (၁၀) နှစ်နီးပါးခန့်ကြာပြီးနောက် ပြန်လည်ကျင်းပကြမည်ဖြစ်သည်။

ချင်းအမျိုးသားနေ့တွင် ကလေးတက္ကသိုလ်မှ ယဉ်ကျေးမှုအကအဖွဲ့ Falam phunsang tlawng Cultural Dance Group လူဦးရေ (၂၀) ကျော် လာရောက်မှာဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ ချင်းအဆိုတော်များဖြစ်ကြသော JH Thang နှင့် Mai Ma Kim တို့ကိုလည်း ဖိတ်ကြားထားပြီး ၎င်းအပြင် မီဇိုရမ်အဆိုတော်များဖြစ်ကြသော G.Lalsangliana, Baby Z.Tlau, Angaihtei နှင့် Ma Biaki တို့ကိုလည်း ဖိတ်ကြားထားသည်။

ထို့အပြင် ဧည့်သည်တော်အဖြစ် Central Young Mizo Association (CYMA) ဥက္ကဌ Pu Vanlalruata နှင့် Shilong မြို့မှ Pu Tialkulhthanga တို့ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

ချင်းအမျိူးသားနေ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့သည် မီဇိုရမ်ပြည်နယ်၏ State Day (ပြည်နယ်နေ့) ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...