Myanmar Youth Microflim Contest တွင် ပြိုင်ပွဲဝင်ရန်အတွက် ရခိုင်အမျိုးသမီး လူငယ်ဒါရိုက်တာ မင်းစုစံမှာ “ ဆိတ်ကွယ်ရာ ”အမည်ရှိ ရခိုင်စကားပြော ဇာတ်လမ်းတိုတစ်ခုကို တောင်ကုတ်မြို့တွင် ရိုက်ကူးခဲ့ရာ ယခုပြီးစီးနေပြီဖြစ်သောကြောင့် ပြိုင်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
မကောင်းမှုဒုစရိုက်ဟူသည် ဆိတ်ကွယ်ရာမရှိ ဆိုသည့်စကားက မှန်သော်လည်း စနစ်တကျစီစဉ်ပြီး ဒုစရိုက်မှုကို ကျူးလွန်ချင်သူများမှာ ယင်းဆိတ်ကွယ်ရာကိုသာ ယနေ့အချိန်ထိ အသုံးချ ကျူးလွန်နေကြကြောင်းကို ပုံဖော်ကာ ရိုက်ကူးထားကြောင်း ဒါရိုက်တာ မင်းစုစံက ဆိုသည်။
“ အခုရိုက်ကူးနေတဲ့ ဇာတ်လမ်းအမျိုးစားကတော့ Psychology (စိတ်ပိုင်းဆိုင်ရာ) သို့မဟုတ် ပညာပေးဇာတ်လမ်းလေးပါ။ လူတစ်ဦးကို အမြဲတမ်း အနှောင့်အယှက် ပေးနေသူတစ်ယောက်ကို စနစ်တကျ အကွက်ချပြီး ပြန်လည်လက်စားချေပစ်ခဲ့တဲ့ Psycho ဆန်ဆန် ပညာပေးဇာတ်လမ်းတိုလေးပါ။ ကြာမြင့်ချိန် ၅ မိနစ်စာလေး ရိုက်ကူးနေတာပါ ” ဟု ၎င်းက ပြောသည်။
ဆိတ်ကွယ်ရာ ဇာတ်လမ်းတိုတွင် သရုပ်ဆောင် ရာဇာထွန်း၊ ရွှေနီလာချမ်းနှင့် အောင်ကိုမင်းတို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး အဆိုပါ ဇာတ်လမ်းတိုဖြင့် 4th Myanmar Youth Microflim Contest တွင် ပြိုင်ပွဲဝင်မည်ဖြစ်သည်။
ယင်းဇာတ်လမ်းတို ဇာတ်ဝင်ခန်းများတွင် ရဲတပ်ဖွဲ့ဝင်များနှင့်ရိုက်ကူးရန် ဇာတ်ဝင်ခန်းများ ပါဝင်သောကြောင့် အခက်အခဲများ ပေါ်ပေါက်ခဲ့သော်လည်း အဆင်ပြေစွာ ရိုက်ကူးပြီးသွားပါပြီဟု ဒါရိုက်တာ မင်းစုစံက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရိုက်ကူးလျက်ရှိသော ဇာတ်ကားအများစုမှာ စစ်တွေ၊ မြောက်ဦး စသည့် ဒေသများတွင်သာ ရိုက်ကူးမှုပိုများသောကြောင့် ရခိုင်တောင်ပိုင်းဒေသဖြစ်သည့် တောင်ကုတ်မြို့တွင် ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်းဟု မင်းစုစံက ဆက်လက်ပြောသည်။
“ အခုဇာတ်လမ်းကို တောင်ကုတ်မှာ ရိုက်ကူးရတာဟာ ရခိုင်ပြည်က ဇာတ်လမ်းတော်တော်များဟာ စစ်တွေ၊ မြောက်ဦးမြို့တွေမှာပဲ ရိုက်နေကြပြီး တောင်ဘက်ပိုင်းမှာ ရိုက်ကူးမှုနည်းနေတဲ့အတွက် တောင်ကုတ်မြို့မှာရိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ရခိုင်နဲ့ပတ်သက်ပြီး ကိုယ်တို့အချင်းချင်း ရင်ကြားစေ့ နားလည်စေဖို့အတွက်ပါ။ တောင်ကုတ်ဒေသ အလှအပနဲ့ ဒေသခံစကားတွေ အသံတွေ ပါဝင်ဖို့ဖြစ်ပါတယ် ”ဟု ၎င်းက ဆိုသည်။
အဆိုပါ ဇာတ်လမ်းတိုတွင် အရုပ်ဆောင် ၁၀ ဦးခန့်ပါဝင်ပြီး မိမိပေးလိုသောမက်ဆေ့ချ်ကို အကောင်းဆုံး ကြိုးစားရိုက်ကူးထားသောကြောင့် ပြိုင်ပွဲတွင် ဆုရသည်ဖြစ်သည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပရိသတ်များအတွက် အကျိုးရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ဒါရိုက်တာ မင်းစုစံက ပြောသည်။
ဒါရိုက်တာ မင်းစုစံသည် ပြီးခဲ့သည့် ၂၀၁၇ ခု၊ အောက်တိုဘာလအတွင်းတွင် ကျင်းပသည့် 3th Myanmar Youth Microflim Contest ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။ အခြေခံလူတန်းစား လက်လုပ်လက်စား အဖိုးအိုတစ်ယောက် သူအလုပ်လုပ်၍ ရလာသမျှငွေများကို မစားရက်မသောက်ရက် ကျစ်ကျစ်ဆုပ်ပြီး ဘဏ်တွင်သွားစုဆောင်းရာတွင် ငွေစက္ကူအတုဟုဆိုကာ ပိုက်ဆုံတစ်သောင်းတန်များအား အပေါက်ဖောက်လိုက်သည်ကို ရိုက်ထားထားသည့် “ Colour Papers ” ဇာတ်လမ်းတိုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ လူကြိုက်များခဲ့သည်။







