တတိယအသုတ် ဌာနေပြန်မည့် ဒုက္ခသည်များကို နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများ လူတွေ့မေးမြန်းမည်

တတိယအသုတ် ဌာနေပြန်မည့် ဒုက္ခသည်များကို နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများ လူတွေ့မေးမြန်းမည်

ထိုင်း-မြန်မာနယ်စပ်၊ မယ်လဒုက္ခသည်စခန်းရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR မှ ဖွင့်လှစ်ပေး ထားသော ဆန္ဒအလျောက်ဌာနေပြန်သွားရေး အကျိုးဆောင်ဌာန (Voluntary Repatriation Center–VRC) မှ တဆင့် အမည်စာရင်း လာရောက်တင်သွင်းထားသူ အိမ်ထောင်စု မိသားစုဝင်များကို ထိုင်း-မြန်မာ နှစ်နိုင်ငံအ စိုးရမှတာဝန်ရှိသူ များက ယခုလ ၁၅ရက်နေ့တွင် လူတွေ့မေးမြန်းမှုပြုလုပ်မည်ဟု စခန်းဥက္ကဌ စောအောနက်က ပြောသည်။

၎င်းက “ကျနော်တို့ မနေ့လောက်က UNHCR ကနေ သိရတာက ဒီလာမဲ့ ၁၅ ရက်နေ့ကျရင် ထိုင်း နဲ့ မြန်မာအစိုးရတာဝန်ရှိ သူတွေ လာပြီးတော့ VRCမှာ အမည်စာရင်းတင်ထားတဲ့ သူတွေကို အင်တာဗျူးလုပ်ဖို့ ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ အိမ် ထောင်စု ဘယ်လောက်နဲ့ ဘယ်သူဘယ်ဝါ တွေလည်းဆိုတာကတော့ မသိရသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

UNHCR၏ အဆိုအရ ၎င်းတို့အနေဖြင့် ဒုက္ခသည်စုစုပေါင်း ၁ဝဝ ကျော်ကို ပထမအသုတ်နှင့် ဒုတိယအသုတ်အနေဖြင့် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း၊ လာမည့် တတိယအသုတ်ပို့ဆောင်မှုအတွက် ယခင် အောက်တိုဘာလလောက်တွင် စတင်ရန် ခန့်မှန်းထားသော်လည်း ရာသီဥတု အခြေအနေအရ ဖြစ်ပေါ်ခဲ့ခြင်းမရှိသလို အမည်စာရင်း တင်သွင်းထားသည့် ဒုက္ခသည် အရေအတွက်ကိုလည်း မသိရှိရသေးကြောင်း ပြီးခဲ့သည့် သြဂုတ်လက ကေအိုင်စီသို့ ပြောဆိုထားသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံအစိုးရ၏ သဘောတူညီမှုအရ ထိုင်းနိုင်ငံ ပြည်ထဲရေး၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနနှင့် UNHCRတို့ အစီအစဉ်ဖြင့် မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ ဒုက္ခသည်များကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နေ့တွင် ပထမအသုတ်အဖြစ် နို့ဖိုးဒုက္ခသည် စခန်းမှ လူဦးရေ ၆၅ ဦးပါ အိမ်ထောင်စု ၁၉စုနှင့် ယခုနှစ် မေလ ၇ရက်နေ့တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး ၊ ဘမ့်ဒုံယမ်းနှင့် Mai Nai Soi ကရင်နီ ဒုက္ခသည်စခန်းများမှ လူဦးရေ ၉၃ ဦးတို့ကို ဒုတိယအသုတ်အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်းနှင့် ကရင်နီအမှတ် (၁)၊ အမှတ်(၂) စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်း ၉ ခုတွင် လူဦးရေ စုစုပေါင်း ၁သိန်းခန့် ခိုလှုံနေဆဲဖြစ်သည်ဟု ၎င်းတို့ကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။

Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...