KBC ဆရာ Zaidan Bawm Ying ပေါ် နယ်ခြားစောင့်တပ် ကျူးလွန်ခြင်း ကျေအေးမှု မရသေး

KBC ဆရာ Zaidan Bawm Ying ပေါ် နယ်ခြားစောင့်တပ် ကျူးလွန်ခြင်း ကျေအေးမှု မရသေး

ကချင်ပြည်နယ် ကန်ပိုင်တီလမ်း အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ် စစ်သားများ၏ မတရား အုပ်စုလိုက် ထိုးကြိတ် ရိုက်နက်ပြီး ဥပဒေမဲ့ တစ်ရက်ခန့် အချုပ်ခန်း ထည့်ထားခြင်း ခံခဲ့ရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC လူငယ် ဓမ္မဆရာ Mading Zaidan Bawm Ying (ဘောမ်ယိန်း) က တရားမျှတမှု ရရှိအောင် ဆက်လက် ကြိုးပမ်းသွားမည်ဟု ဆိုပါသည်။

ဇူလိုင်လ (၃၁)နေ့ က ဆဒုံမြို့နယ်ခွဲ မိမိနေအိမ်ရှေ့တွင် KBC ဝိုင်းမော်ဇုံနယ် လူငယ်တာဝန်ခံ ဆရာ Zaidan Bawm Ying ထိုးကြိတ်ခံရမှုတွင် ကြားဝင် ဟန့်တားသော ဇနီးသည် ဒေါ် ရွယ်ဆန့် နှင့် ဆဒုံပါ KBC အသင်းတော် ဆရာ Lagyi Naw Awn (နော်အောန်) တို့လည်း စစ်သားများ၏ ထိုးကြိတ် ရိုက်နက်ခြင်း ခံခဲ့ရသည်။

မည်သို့ပြင်ဖြစ်စေ အမှုကောင်းမွန်စွာပြီးစီးရေးအတွက် KBC ဝိုင်းမော်ဇုံနယ်ရုံး ဆရာများ နှင့် အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ် တပ်ရင်းမှူး Wanghte Brang Awng ကြား ညှိနှိုင်းပြီးနောက် “နယ်ခြားစောင့်တပ်မှ နောက်နောင် ဆရာ Bawm Ying အပေါ် ယခုလို အပြုအမူ ထပ်မံ မကျူးလွန်တော့ကြောင်း လက်မှတ်ထိုးပေးရန် နှင့် ဆရာ Bawm Ying ဘက်မှ နယ်ခြားစောင့်တပ်ကို အမှုကျေအေးကြောင်း လက်မှတ်ရေးထိုးပေးရန်” သြဂုတ် (၃) ရက်နေ့ ဆဒုံးပါ KBC အသင်းတော်တွင် တွေ့ဆုံခဲ့ကြသည်။

သို့သော်လည်း ထိုနေ့ ဆဒုံးပါ KBC ဘုရားကျောင်းတွင် တွေ့ဆုံသည့် အစီစဉ်တွင် နယ်ခြားစောင့်တပ်မှ ဆရာ Bawm Ying အပေါ် အာမခံသည့် လက်မှတ်ကို ထိုးပေးခြင်း မပြုဘဲ၊ အမှုကို ဆရာ Bawm Ying ဘက်မှ ကျေအေးပေးကြောင်းကိုသာ လက်ခံကာ ပြန်သွားပြီးနောက် KBC အသင်းတော်ခေါင်းဆောင်များဘက်မှ နယ်ခြားစောင့်တပ်ကို သွားရောက်တောင်းပန်ကြောင်း သတင်းမှားကိုသာ ထပ်မံ ဖြန့်ဝေခဲ့သည်ဟု ရိုက်နက် ခံရသူ ပြောပြပါသည်။

ဆဒုံးမြို့တွင်း ရေစီးရေလာကောင်းမွန်ရေး မြောင်းဖော်မှုလုပ်ငန်းနှင့် ပတ်သက်ပြီး ဆရာ Bawm Ying မှ သူ၏ နေအိမ်မထိခိုက်ရေး တာဝန်ကျ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ညှိနှိုင်းပြောဆိုစဉ် စကားများကြပြီး စစ်သားများဘက်မှ စတင် ကိုယ်ထိလက်ရောက် ထိုးကြိတ်၊ ရိုက်နက်ပြီး ဖမ်းဆီးကာ ၎င်းတို့ အချုပ်ခန်းတွင် တစ်ရက်ခန့် ချုပ်နှောင်ထားခဲ့သည်။

“ပထမဆုံး လက်သီး ၂ ချက်ကတော့ ကောင်းကောင်း မှတ်မိတယ်။ ကျန်တဲ့ ဟာက အားလုံး ဝိုင်းထိုးတော့ မသိတော့ဘူး။ ပြီးရင် လမ်းပေါ်ခေါ်သွားပြီး ထပ်ထိုးတယ်။ သူတို့မှာ လက်ထိပ် မပါလို့ ကျနော့ကို ကြိုးနဲ့ ချီတယ်။ အချုပ်ခန်းထဲ ရောက်သွားတယ်။ အဲဒီမှာလည်း ကျနော့ကို ထပ်ရိုက်တယ်။ သူတို့ ခြေထောက်နဲ့ မျက်နှာကို ကန်တယ်။ နောက်ဆုံးတော့ ဝက်ခြမ်းပြား နှင့် ရိုက်ပြီး သူတို့ အချုပ်ခန်းမှာ ထည့်လိုက်တယ်” ဟု ဆရာ Bawm Ying ပြန်လည် ပြောဆိုပါသည်။

ထိုးကြိတ် ရိုက်နက်မှု ဖြစ်စဉ်ကို ဦးဆောင်ခဲ့သူမှာ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်မှ ဒုအရာခံ ဗိုလ် Wasuk Dau Hkawng (ဒေါင်ခေါင်) ဖြစ်ပြီး ထိုဖြစ်စဉ်မှာ တာဝန်အရ ထိန်းသိမ်းမှုသာ ဖြစ်သည်ဟု ယခင် ဦးဇခုန်တန့်ယိန်း ဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ယခု နယ်ခြားစောင့်တပ် (BGF) ပိုင် သတင်းဌာန ဖြစ်သော ‘ထာဝရ ငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)’ ကို ဖြေကြားထားသည်ကို တွေ့ရပါသည်။

“သူက မခန့်လေးစား ပြုလာလို့ သူ့လက်ကို ဆွဲချုပ်လိုက်တယ်။ အဲမှာ သူက လုံးဝ အဖမ်းမခံဘူး။ အဲကနေ ဆွဲလားရမ်းလား ဖြစ်သွားတယ်။ အဲကနေ ကျနော်တို့ကို အရင် လက်ရောက်ပါတယ်ဆိုပြီး သူတို့က ပြောတာ။ ဆိုတော့ ကျနော်တို့လည်း လူတစ်ယောက်ကို သွားဖမ်းတယ်ဆိုတာ ခြေထောက်နဲ့ တော့ ဘယ်ဖမ်းမလဲ။ ဒီတော့ လက်ရောက်တယ်ဆိုတာ အဲဒီ သဘောပါဟု” ဖြေကြားထားပါသည်။

ယခု ကိစ္စမှာ ကချင်ရိုးရာအရ ၂ ဖက် တွေ့ဆုံ ဆုတောင်းပွဲဖြင့် ပြီးစီးသွားပြီ ဖြစ်သောကြောင့် အားလုံး ကျေအေးသွားပြီ ဖြစ်ကြောင်း KBC ဝိုင်းမော်ဇုံနယ်ရုံး က ပြောဆိုပါသည်။

သို့သော်လည်း လက်နက်ကိုင် နယ်ခြားစောင့်တပ် မှ အရပ်သား ပြည်သူကို ဥပဒေမဲ့ အပြင်းအထန် ရိုက်နက်ခံမှုအဖြစ်မျိုး ထပ်မံ မဖြစ်ပွားစေရန် နယ်ခြားစောင့်တပ်မှ ဆရာ Bawm Ying အား ပေးထားသည့် မူလ ကတိ အတိုင်း လက်မှတ်ရေးထိုးပေးရန် စောင့်နေဆဲဖြစ်သည်။

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...