တပ်မတော် အသရေဖျက်မှု ဖြင့် တရားစွဲခံထားရသော ကချင်လူငယ် ဆန္ဒပြ ဦးဆောင်သူ (၃)ဦးကို တရားစွဲထားသည့်အမှု ယမန်နေ့ သြဂုတ်လ (၁၃)ရက်နေ့ ရုံးချိန်းထားသော်လည်း တရားလို သက်သေဘက်မှ ခွင့်ယူ ထားသောကြောင့် စစ်ဆေးခြင်း မပြုနိုင်ဘဲ ထပ်မံ ရုံးချိန်း ဆိုလိုက်ပါသည်။
တရားလို သက်သေဘက်မှ ခွင့်ယူ သည့်အပေါ် တရားစွဲ ခံထားရသူများမှ ဦး Lum Zawng က ယခုလို ပြောပါသည်။
“တပ်မတော်ဘက်က အခု ကျနော်တို့ကို တရားစွဲ ထားတာဖြစ်ပေမယ့် သက်သေတွေ ဘာမှ ပြည့်စုံခြင်းလည်း မရှိဘူး။ သူတို့ဘက်က တရားလို ဦးတိုက်လျှောက်လွှာဖြစ်တဲ့ အတွက် တကယ်ဆိုရင် သူတို့ သက်သေတွေ က ရောက် ကိုရောက်လာ ရမယ်၊ ဒီလို မဖြစ်ဘူးဆိုရင် တရားသူကြီးကလဲ ဒီအမှုကို ပယ်ချပစ်ရမယ်။ ဒါပေမယ့် ခုက တပ်မတော်ဘက်မှ တရားစွဲထားတာ ဖြစ်တယ်ဆိုတော့ တရားသူကြီးကလည်း တရားဥပဒေကျကျ လုပ်ဖို့ ခက်ခဲနေတယ်လို မြင်ပါတယ်။”
လွန်ခဲ့အပတ် သြဂုတ် (၆)ရက်နေ့ ရုံးချိန်း တရားလို သက်သေများအား စစ်ဆေးရာတွင်လည်း သက်သေအနေဖြင့် ယခု တရားစွဲခြင်း ဖြစ်စဉ်ကို မသိသလို၊ တရားခံ (၃)ဦးကိုလည်း တိတိကျကျ မသိကြောင်း ထွက်ဆိုခဲ့ပါသည်။
ထပ်မံ စစ်ဆေးရန် သြဂုတ်လ (၂၀) ရက်နေ့တွင် ရုံးချိန်းထားကြောင်း သိရပါသည်။







