မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို လက်ညှိုးထိုးပြီး မိမိကိုယ်တိုင်က အာဏာရလာသောအခါ အာဏာရှင် စနစ်ကို မကျင့်သုံးဖို့ လိုကြောင်း ယမန်နေ့ (ဇူလိုင်လ ၉ ရက်နေ့) ရုံးထုတ်လာစဉ် ဒေါက်တာအေးမောင်က သတင်းထောက်များသို့ ပြောကြားသည်။
“အာဏာရှင်စနစ်ဆိုတာ ပြောသာပြောကြတာပါဗျာ။ ဒုတိယ ကမ္ဘာစစ်မတိုင်ခင်က ဂျာမန်နိုင်ငံမှာ ဘယ်လိုဖြစ်ခဲ့လဲ။ ရွေးကောက်ပွဲ အနိုင်ရ တက်လာတဲ့ အဒေါ့ဖ်ဟစ်တလာဟာ ဘယ်လိုဖြစ်သွား ခဲ့သလဲ ကမ္ဘာကြီးမှာ။ အဲ့ဒါကြောင့် အာဏာရှင်စနစ် မဖြစ်ဖို့ လိုတယ်။ စစ်အာဏာရှင် စနစ်ကို လက်ညှိုးထိုးနေတာထက် ကိုယ်ကိုယ်တိုင်က အာဏာရှင်စနစ်ကို မကျင့်သုံးဖို့လိုပါတယ် ”ဟု ဒေါက်တာ အေးမောင် ပြောကြားခဲ့သည်။
အမှု ၃ ခုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်က ယမန်နေ့ ရခိုင်ပြည်နယ် စစ်တွေခရိုင်တရားရုံးတွင် (၁၆) ကြိမ်မြောက် ရုံးထုတ်အပြီးအတွင် သတင်းထောက်များကို ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အာဏာရှင်ကို အပြစ်ပြောပြီး အာဏာ ရလာသောအခါ အာဏာရှင် စနစ်ကို ကျင့်သုံးနေသူမှာ မည်သူဖြစ်ကြောင်းကိုမူ ဒေါက်တာ အေးမောင် ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပါ။
၎င်းပြင် တတိယအကြိမ် ပင်လုံညီလာခံတွင် ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးကို ဖိတ်ပြီး အနှစ်သာရ ရှိရှိ စကားများ ပြောခွင့်ပေးစေလိုသည်ဟု ဆိုသည်။
တိုင်းရင်းသားအားလုံး ချစ်ကြည်ရင်းနှီးမှုရမှ ငြိမ်းချမ်းမှု ရမည်ဖြစ်ကြောင်း၊ ဦးသိန်းစိန် အစိုးရလက်ထက်က မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မှုကို နောက်ဆုတ်ခဲ့မှုနှင့် ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ USDP ပါတီက တိုင်းရင်းသားဒေသတွင် ရွေးကောက်ပွဲ မဝင်ခြင်းမှာ ဖက်ဒရယ်ပြည်ထောင်စုအတွက် အလားအလာကောင်းသည့် လက္ခဏာများဖြစ်သည်ဟု ဒေါက်တာအေးမောင်က မှတ်ချက်ပြု ပြောကြားခဲ့သည်။
ယခု NLD အစိုးရလက်ထက်တွင်လည်း တိုင်းရင်းသားဒေသအရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် သတိထား ဆောင်ရွက်စေချင်သည်ဟု ဆိုသည်။
“အခု ပြည်သူနဲ့အတူ ရှိနေတဲ့ ပုဂ္ဂိုလ် ချောင်းဆုံမှာ ဘယ်လိုဖြစ်ခဲ့လဲ။ သံဝေဂယူဖို့ ကောင်းတယ်။ ချောင်းဆုံပြီးရင် ရခိုင်မြောက်ဦး ပြဿနာ သွေးမြေကျခဲ့တယ်။ မကျသင့်ဘူး။ ပုံရိပ်ပျက်တယ်။ အဲ့ဒီတော့ ဟုတ်ပြီ။ အခု ကရင်နီကိစ္စ ကျွန်တော်တို့ အင်မတန်စိတ်မကောင်းဖြစ်တယ်”ဟု ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။
လက်ရှိ NLD အစိုးရအနေဖြင့် ၅၀၅ (ခ) (ဂ) ကို ရုပ်သိမ်းပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ထူမှုကို ကန့်ကွက် ဆန္ဒပြ၍ ဖမ်းဆီးခံထားရသည့် ကရင်နီ လူငယ်များကို တတိယပင်လုံ ညီလာခံနှင့်အတူ လွတ်ပေးရန်နှင့် မြောက်ဦးဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသည့် ရခိုင်လူငယ်များကို လွတ်ပေးရန် တောင်းဆိုလိုသည်ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
ယခုအပတ် ရုံးချိန်းတွင် တရားလိုပြသက်သေများထဲမှ ၃ ဦးမြောက်ဖြစ်သည့် ရသေ့တောင် ရဲစခန်းမှ ရဲတပ်ကြပ်ကြီး ယဉ်လှကို စစ်ဆေးခဲ့ပြီး နောက်တစ်ပတ် ရုံးချိန်ကို ဇူလိုင်လ ၁၆ ရက်နေ့ကို သတ်မှတ်လိုက်သည်ဟု သိရှိရသည်။







