ဖားကန့်လုံးခင်းတွင် မိုးကြီးပြီး သွားလာရေးခက်ခဲနေ

ဖားကန့်လုံးခင်းတွင် မိုးကြီးပြီး သွားလာရေးခက်ခဲနေ
by -
ဘုန်းနိုင်ဖြိုး(မုံရွာဂေဇက်)၊ ဇေယျာမော်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ဇူလိုင်လ ၂ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်က စတင်ပြီး ရေကြီးရေလျံမှုများ ဖြစ်ပေါ်ကာမြို့ပေါ် ငါးရပ်ကွက်ရှိသည့်အနက် လေးရပ်ကွက် ရေနစ်မြှုပ်နေသည်ဟု ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီးလဆိုင်းက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။
 

“ဖားကန့်မှာက မြို့ပေါ် ငါးရပ်ကွက်ရှိတဲ့အနက် လေးရပ်ကွက်ကတော့ ရေနစ်မြှုပ်နေတာပေါ့။ ဖားကန့်အထက်ပိုင်းမှာ ရှိတဲ့ လုံးခင်းမှာလည်း ရေနစ်မြှုပ်တာတွေ ရှိနေပါတယ်” ဟု ဦးဒါရှီးလဆိုင်းက ဆိုသည်။

လုံးခင်းကျေးရွာအတွင်း၌လည်း ရေကြီးရေလျံမှုများဖြစ်ပေါ်နေပြီး ရွာဝင်လမ်းမကြီးအတွင်းတစ်ခုလုံး ရေနစ်မြုပ်ခဲ့ကာ အထက(လုံးခင်း) နှင့်ဆက်သွယ်ထားသော ဘေလီ သံတံတားပေါ်တွင် တစ်ပေနီးပါးခန့် ရေတက်နေကြောင်း ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ဆိုသည်။

"သွားရေးလာရေးကတော့ အရမ်းခက်ခဲနေတယ် တစ်နေရာနဲ့ တစ်နေရာသွားဖို့ ကွေ့ပတ်ပြီး သွားနေရတယ်။ တချို့နေရာတွေမှာ လူတစ်ရပ်လောက် တချို့နေရာတွေမှာ ဒူးလောက်အထိရေဝင်နေတယ် ။ ဘေလီတံတားကြီးမှာ ဆိုရင်လည်း မျောပါလာတဲ့ ဒိုက်တွေအမှိုက်တွေကို ဆယ်ယူနေတယ် တံတားကြီး မပါသွားဖို့အတွက်ပါ" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက မဇ္ဇျိမသို့ ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ ဖားကန့်မြို့နယ်အတွင်း လွန်ခဲ့သော ၁၀ ရက်ခန့် စတင်၍ မိုးအဆက်မပြတ်သွန်း ခဲ့မှုကြောင့် ယခုလိုရေကြီးရေလျံမှုများ ဖြစ်ပေါ်သည်ဟု သိရသည်။

"အထောက်အပံ့ကတော့ ဘာအထောက်အပံ့မှ မရပါဘူး။ ဒါပေမဲ့ ဒီမှာရေကြီးရင်က ရက်အကြာကြီး လုပ်ကိုင် စားသောက်လို့ မရအောင် ကြီးတာမဟုတ်ပါဘူး ။ ဒီနေ့ကြီးတယ် ဒီနေပြန်ကျသွားတယ် ။ အဲ့ဒီအတွက် မလိုအပ်ပါဘူး နှှစ်စဉ်ကြုံတွေ့ရတဲ့ သဘာဝဘေးပေါ့ အဲ့ဒီ သဘာဝဘေးကလည်း လူတွေကြောင့် ဖြစ်ရတာ" ဟု ဦးတင်စိုးက ဆက်လက်ပြောသည်။

ဇွန်လ ၂၂ ရက်တွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီးမြေပြို၍ ဥရုချောင်းရေလျံကာ ဖားကန့်မြို့နယ်အတွင်း ရေကြီးရေလျံမှုများ၊ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...