သံတွဲမြို့နယ် ကျောင်းကုန်းရွာမှ ၅ ဘာသာဂုဏ်ထူးရှင် မသဲဆုရွှေစင် ပညာသင်ကြားရေး အခက်အခဲရှိ

သံတွဲမြို့နယ် ကျောင်းကုန်းရွာမှ ၅ ဘာသာဂုဏ်ထူးရှင် မသဲဆုရွှေစင် ပညာသင်ကြားရေး အခက်အခဲရှိ
photo- မသဲဆုရွှေစင်နှင့် မိခင်ဖြစ်သူအား တွေ့ရစဉ်
photo- မသဲဆုရွှေစင်နှင့် မိခင်ဖြစ်သူအား တွေ့ရစဉ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေအုပ်စု ကျောင်ကုန်းရွာမှ ယခုနှစ် တက္ကသိုလ်ဝင်တန်းကို ၅ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ မသဲဆုရွှေစင်၏ ပညာဆက်လက် သင်ကြားရေးမှာ မိဘချို့တဲ့မှုကြောင့် အခက်အခဲများ ရှိနေကြောင်း သတင်းရရှိသည်။

အဆင့်မြင့် တက္ကသိုလ် တစ်ခုခုတွင် သူမ ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသော သံတွဲမြို့ အစိုးရဌာန တစ်ခုမှ ဦးစီးမှူး တစ်ဦးဖြစ်သူ ဒေါ်သင်းသင်းဆွေက “ ဒီကလေးမလေးက ၅ ဘာသာ ဂုဏ်ထူးပါတယ်။ ရွှေလှေ အထကမှနေ အောင်မြင်တာပါ။ သူမက အမေတစ်ခု သမီးတစ်ခုဘဝပါ။ ဒီကလေးမလေးဆက်လက် ပညာသင်ကြားနိုင်ရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်။ ဒီအတွက် ကျွန်မတို့က ၀ိုင်းဝန်း ကူညီဆောင်ရွက်နေကြတာပါ” ဟု ပြောကြားသည်။

မသဲဆုရွှေစင်သည် သံတွဲမြို့နယ် ရွှေလှေအထကမှ ခုံအမှတ် ဒဧ-၂ ဖြင့် ဝင်ရောက် ဖြေဆိုခဲ့ပြီး ၅ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည်။

သူမရရှိသော ဘာသာရပ်အလိုက် ရမှတ်များမှာ မြန်မာစာ-၇၅၊ အင်္ဂလိပ်စာ-၇၃၊ သချင်္ာ-၉၀၊ ဓာတု-၉၃၊ ရူပ-၈၃၊ ဇီဝ-၈၈ ဖြစ်ပြီး စုစုပေါင်း ရမှတ်မှာ ၅၀၂ ဖြစ်ကြောင်း သိရသည်။

မသဲဆုရွှေစင် အနေဖြင့် အဆင့်မြင့် တက္ကသိုလ် တစ်ခုခုတွင် ပညာဆက်လက်သင်ကြားနိုင်ရေး အတွက် အကျိုးဆောင်ပြုလုပ်နေသူ ဒေသခံ နောက်လူကြီးတစ်ဦးဖြစ်သူ ဦးခင်မောင်ကျော်က “ ဒီ မသဲဆုရွှေစင်ရဲ့ အဖေ ဦးမောင်မောင်ချေ က သူမ လေးနှစ်သမီးအရွယ်က ကွယ်လွန် သွားခဲ့ပါတယ်။ အမေဖြစ်သူ ဒေါ်ခင်လှရွှေက ဟင်းသီး ဟင်းရွက်ရောင်းပြီး ဒီကလေးမလေးကို စာသင်လာတာပါ။ သူ့အမေရဲ့ လုပ်အား တစ်ခုနဲ့ ဒီကလေးမလေးကို အဆင့်မြင့် တက္ကသိုလ် တစ်ခုမှာ ဆက်လက် ပညာသင်ကြားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အတွက် အားလုံး ၀ိုင်းဝန်း ကူညီနိုင်အောင် ကျွန်တော်အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်” ဟု သူက ပြောကြားသည်။

သူမ၏ ရမှတ်မှာ ၅၀၂ မှတ်ဖြစ်သဖြင့် ဆေးတက္ကသိုလ်ဝင်ရန် ၂ မှတ်လိုနေသဖြင့် ဆေးတက္ကသိုလ်သို့ မတက်ရောက်နိုင်ပါကလည်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် စသည့် အဆင့်မြင့် တက္ကသိုလ် တစ်ခုခုတွင် ပညာဆက်လက် သင်ကြားနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သူက ပြောကြားသည်။

“ အမျိုးသမီးကျောင်းသူတွေ အတွက် သတ်မှတ်ထားတဲ့ ဆေးတက္ကသိုလ် ဝင်ခွင့် ရမှတ်က ၅၀၄ မှတ်ဆိုတော့ ၂ မှတ်လိုနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူမရဲ့ ဘဝအခြေအနေကို ငဲ့ညှာသော အားဖြင့် ဆရာဝန်တစ်ယောက် ဖြစ်သွားအောင် ဆေးတက္ကသိုလ် ဝင်ခွင့်ရအောင် အသနားခံသွားဖို့ အစီအစဉ်ရှိပါတယ်။ မရခဲ့ရင်လည်း နောက် အဆင့်မြင့် တက္ကသိုလ် တစ်ခုခုကို တက်ရောက် ပညာသင်ကြားနိုင်အောင် စီစဉ်သွားပါမယ်” ဟု ဦးခင်မောင်ကျော်က ဆက်လက်ပြောကြားသည်။

မသဲဆုရွှေစင်မှာ တစ်ဦးတည်းသော သမီးဖြစ်သည်။ သူမအား ဆက်သွယ်ရာ ဖုန်းအဆက်အသွယ် မရသဖြင့် သူမ၏ ပြောကြားချက်ကို ထည့်သွင်း တင်ပြနိုင်ခြင်း မရှိပါ။

သူမ၏ ပညာဆက်လက်သင်ကြားနိုင်ရေးနှင့် ပတ်သက်ပြီး ဆက်သွယ်လိုသူများသည် ဦးခင်မောင်ကျော် (၀၉၇၆၂၀၁၂၁၄၀)၊ ဒေါ်သင်းသင်းဆွေ (၀၉၄၂၀၁၂၀၇၆၆) နှင့် မသဲဆုရွှေစင် (၀၉၂၅၆၇၇၆၈၈၃) သို့ ဆက်သွယ်နိုင်ပါသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...