ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ စိတ်ဝင်စားမှုကျဆင်းလာသည့်အပေါ် ဆန်းစစ်သွားမည်

ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ စိတ်ဝင်စားမှုကျဆင်းလာသည့်အပေါ် ဆန်းစစ်သွားမည်
by -
စိုးသူအောင်

ရွေးကောက်ပွဲများတွင် တစ်နှစ်ထက်တစ်နှစ် မဲဆန္ဒရှင်များ စိတ်ဝင်စားမှုများ ကျဆင်းလာရသည့် အကြောင်းအရင်းကို   လေ့လာဆန်းစစ်မှု   ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့(PACE) ၏ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောဆိုလိုက်သည်။

ဇွန်လ ၁၅ ရက်နေ့ ရန်ကုန်မြို့ရှိ ပတ်ရွိုင်ရယ်ဟိုတယ်တွင်ပြုလုပ်ခဲ့သည့် PACE အဖွဲ့၏ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် သတင်းစာရှင်းလင်းပွဲတွင် မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့စိတ်ပူတာကတော့ သဘောတရားအရဆိုရင်တော့ စိတ်ဝင်စားမှုနည်းနိုင်တာပေါ့။ ဒါကြောင့် အဲဒါကို သိချင်တယ်။ ဒါကြောင့် ဆန်းစစ်လေ့လာမှု လုပ်မယ်။ ဒါကြောင့်မို့လည်း အချိန်မီ နိုင်ငံရေးပါတီတွေကို တိုက်တွန်းခိုင်းရမယ်။ မဲဆန္ဒရှင်တွေ မဲလာပေးအောင်လို့ တိုက်တွန်းနိုင်အောင်ဖို့ပေါ့ ” ဟု စိုင်းရဲကျော်စွာမြင့်က ပြောသည်။

ဇူလိုင်လဆန်းတွင် စစ်တမ်းကောက်ယူသူ ၁၂၃ဦးဖြင့် စတင်မည်ဖြစ်ပြီး ဇူလိုင်လလယ်ပိုင်းတွင် မဲဆန္ဒရှင် မည်သည့်ရာခိုင်နူန်းက စိတ်ဝင်စားမှုနည်းနေသည်ကို တိတိကျကျပြောနိုင်မည်ဟု ခန့်မှန်းကြောင်းလည်း ၄င်းက ဆိုသည်။

လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများနှင့်ပတ်သက်၍  PACE အဖွဲ့ အနေဖြင့် မဲဆန္ဒရှင်များ၏ သဘောထားအမြင်နှင့် မဲပေးလို စိတ်တို့ကို စစ်တမ်းကောက်ယူရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

၂၀၁ဝရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ၏ ၉၀ ရာခိုင်နှုန်းနီးပါး၊ ၂၀၁၅ ရွေးကောက်ပွဲ တွင် ၆၉ ရာခိုင်နူန်းနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ၃၅ ရာခိုင်နူန်းအောက်အထိ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု တဖြည်းဖြည်း ကျဆင်းလာခြင်းလည်းဖြစ်သည်။

ရွေးကောက်ပွဲအကြိုကာလမှစတင်ကာ မဲဆန္ဒရှင်စရင်းကြေညာမှုဖြစ်စဉ်၊ မဲဆွယ်စည်းရုံးရေးကာလ၊ မဲဆန္ဒနယ် ပြင်ပကြိုတင်မဲပေးခြင်း၊ မဲဆန္ဒနယ် အတွင်းကြိုတင်မဲပေးခြင်း၊ ရွေးကောက်ပွဲနေ့မဲပေးမှုဖြစ်စဉ်၊ မဲရလဒ်များ စုပေါင်းရေ တွက်မှု ဖြစ်စဉ်များကို PACE အဖွဲ့အနေဖြင့် စောင့်ကြည့် လေ့လာသွားမည်ဟုလည်းသိရသည်။

ထို့အပြင် ရွေးကောက်ပွဲအကြို စောင့်ကြည့်ရေးကို မြို့နယ် ၁၂ မြို့တွင်ကာလရှည်စောင့်ကြည့်သူ ၂၄ ဦးနှင့် ရွေးကောက်ပွဲနေ့့တွင် ကာလတိုစောင့်ကြည့် သူ ၆၀၀ ဦးခန့်ဖြင့် စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ တာဝန်ယူထားသည့် ဦးဝင်းမြင့်၏ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာ အပါအဝင် ပြည်သူ့လွှတ်တော် ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေး ကောက်ပွဲကို လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...