ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယမန်နေ့(ဇွန်လ ၁၁ ရက်နေ့)ညက ချောင်းရေတက်လာသဖြင့် မြေနိမ့်ပိုင်းမှ အိမ်ထောင်စု တစ်ချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း၊ သို့သော် ယခုအခါ ရေပြန်ကျသွားပြီ ဖြစ်ကြောင်း သံတွဲမြို့ အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သံတွွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဒုဦးစီး ဦးအောင်အောင်ဇော်က “ မနေ့က ရေတက်ခဲ့တဲ့ အတွက် အမှတ် ၄ ရပ်ကွက်ထဲက မိသားစု ၂၃စုကို ရွှေဆံတော် စေတီကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ရေတက်လာတဲ့ အတွက် ညဉ့် ၁၂ နာရီလောက်မှာ လူတွေကို ပြောင်းရွှေ့ခဲ့ရတာပါ။ အခုတော့ ရေ ပြန်ကျသွားတဲ့ အတွက် အခြေအနေက အခုတော့ ပုံမှန် ဖြစ်သွားပါပြီ” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
မိုးအဆက်မပြတ်ရွာသွန်း၍ သံတွဲမြို့တွင် ရေတက်ခဲ့သည့်နေရာများမှာ အမှတ် (၁)၊ အမှတ်(၄)၊ အမှတ်(၇) ရပ်ကွက်များ အပါအဝင် အံတော်ရွာနှင့် အမှတ်(၈) ရပ်ကွက်တို့ ဖြစ်ကြပြီး အမှတ်(၄) ရပ်ကွက်ရှိ (ညောင်ပင်စျေး) လူနေရပ်ကွက်အတွင်းသို့ ချောင်းရေ(၄)ပေခန့် ဝင်ရောက် ခဲ့ကြောင်း သိရသည်။
“ အခုတော့ ရေကျသွားပါပြီ။ မိုးကလည်း ရပ်သွားတော့ ဆက်ရေကြီးစရာတော့ မရှိတော့ပါ။ အခုတော့ ပုံမှန် ဖြစ်သွားပါပြီ။ ကျောင်းတွေပိတ်ရတဲ့ အဆင့်တော့ မရှိပါဘူး” ဟု ဒုဦးစီးက ဆက်လက် ပြောကြားသည်။
ရေကြီးမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် လူဦးရေမှာ အိမ်ထောင်စု (၂၃)စု၊ ကျား(၄၁)ဦး ၊ မ(၄၉) ဦးတို့ ဖြစ်ကြပြီး အမှတ်(၄)ရပ်ကွက် ရွှေဆံတော်ဘုရားဓမ္မာရုံသို့ ရွှေ့ပြောင်းခဲ့ရသည်။
၎င်းမိသားစုများကို ဇွန် ၁၂ ရက်နေ့ နံနက် အစောကြီး ဝဝး၁၅ နာရီအချိန်ခန့်တွင် သတင်းအရ သံတွဲမြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးနေလင်းကျော် ဦးဆောင်၍ ရှာကယ်တပ်ဖွဲ့ဝင်(၁၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးဖြင့် ထွက်ခွာခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရကြောင်း Rakhine Fire Force မှလည်း သတင်းထုတ်ပြန်ထားသည်။







