ရမ်းဗြဲလွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးအား ၆၆ (ဃ)ဖြင့် တရားစွဲဆိုဟု သတင်းထွက်ပေါ်

ရမ်းဗြဲလွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးအား ၆၆ (ဃ)ဖြင့် တရားစွဲဆိုဟု သတင်းထွက်ပေါ်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးအား ရခိုင်ပြည်နယ် ပညာရေးမှူးမှ ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုထားသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ရမ်းဗြဲမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန်းမောင်ဦးသို့ ဆက်သွယ်ရာ သူက “ ကျွန်တော် မနေ့က တင်တဲ့ ပို့စ်တစ်ခုတင်တဲ့နေရာမှာ ကိန်းကဏန်း တစ်ခုလွဲတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရကနေ ပြည်နယ်ပညာရေးမှူးကို တရားစွဲခိုင်းတယ်လို့ ကြားပါတယ်” ဟု ပြောဆိုသည်။

၆၆(ဃ)ဖြင့် ဦးသန်းမောင်ဦးအား တရားစွဲဆိုသည်ဟု သတင်းထွက်ပေါ်ပြီးနောက် ယနေ့ နံနက်က ရမ်းဗြဲမြို့ရှိ ဦးသန်းမောင်ဦး နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မိသားစုများအား မေးမြန်းမှုများရှိခဲ့သည်ဟု သိရသည်။

“ ကျွန်တော်ကို အိမ်က ဖုန်းဆက်ပါတယ်။ ရဲတွေ အိမ်ကို လာမေးတယ်လို့ ပြောပါတယ်။ ဘေးဘေး(ဦးလေး)က မကောင်းတာကို ရေးတာမရှိဘူး။ ကောင်းစေချင်တယ်။ ဖြစ်စေချင်တဲ့ စေတနာနဲ့ ရေးတာပါဘဲရှိတယ်။ ရခိုင်ပြည်နယ်ကို တိုးတက်စေချင်တယ်။ ဒီလို ဆန္ဒနဲ့ ထောက်ပြ ရေးသားတာဘဲရှိတယ်။ ဒါကို ဆက်သွယ်ရေး ၆၆ (ဃ)နဲ့ တရားစွဲတယ်လို့ ကြားရပါတယ်။ ဦးလေးကိုတော့ ဘယ်သူမှ အကြောင်းကြားတာ မရှိသေးပါဘူး” ဟု ပြောသည်။

နိရဥ္စရာ သတင်းဌာနမှ ရခိုင် ပြည်နယ်ပညာရေးမှူးသို့ ဆက်သွယ်ပြီး ပြည်နယ် ပညာရေးမှူးမှ ဦးသန်းမောင်ဦးအား ၆၆ (ဃ)ဖြင့် တရားစွဲဆိုကြောင်း သတင်းထွက်နေသဖြင့် တရားစွဲ ဆိုထားခြင်းမှာ ဟုတ်မှန်ပါသလားဟု မေးမြန်းရာ ပြည်နယ် ပညာရေးမှူးက ယခုလို ဖြေကြားသည်။

“ အခု လမ်းခရီးမှာ ခရီးထွက်နေပါတယ်” ဟု ပြန်လည် ဖြေကြားသည်။

မိမိတို့အနေဖြင့် တရားစွဲဆိုထားခြင်း ဟုတ်/ မဟုတ်ကို သိလို၍ အတည်ပြုပေးပါဟု ဆက်မေးမြန်းသော အခါတွင်လည်း မိမိတို့မှာ ခရီးထွက်နေပြီး လမ်းခရီးတွင်ရှိနေကြောင်းကိုသာ ထပ်ခါတစ်လဲလဲ ပြောကြားပြီး ဖုန်းချသွားခဲ့သည်။

ဦးသန်မောင်ဦးသည် ဇွန် ၂ ရက်နေ့က အောက်ပါ ပို့စ်တစ်ခုအားရေးသားခဲ့ပြီး ၎င်းပို့စ်ကို ရေးသားခြင်းဖြင့် တရားစွဲဆိုခြင်းဟု ကြားသိရသည်။

ငါတို့ ရခိုင်ပြည်က တိုင်းနှင့်ပြည်နယ် (၁၄)ခုထဲမှာ....

၁။ ပညာရေး အနိမ့်ကျဆုံး

၂။ စီးပွါးရေး အနိမ့်ကျဆုံး

၃။ ကျန်းမာရေးဝန်ဆောင်မှု အနိမ့်ကျဆုံး

၄။ လူမှုရေးနယ်ပယ်ကြီး အပျက်စီးဆုံး

၅။ အုပ်ချုပ်ရေးယန္တရား ဖရိုဖရဲအရှိဆုံး။ 

၆။ ပြည်နယ်အစိုးရအဖွဲ့ကို ပြည်သူများ မကြိုက်ဆုံး၊

(ကျန်တိုင်းနှင့်ပြည်နယ်များမှာ လူထုနှင့်အစိုးရများဟာ ရခိုင်မှာထက် သဟာဇာတ ဖြစ်တယ်)

၇။လူငယ်များ နေရပ်စွန့်ခွါမှု အများဆုံး၊

၇။ လမ်းများ မကောင်းဆုံး၊

၈။ ပထဝီရေခံမြေခံ အကောင်းဆုံး

၉။ သဘာဝမြေသြဇာ အကောင်းဆုံး

၁၀။ ငါး ပုစွန် ရေသယံဇာတ အပေါများဆုံး

၁၁။ ရေနက်ဆိပ်ကမ်းကြီးများ အကောင်းဆုံး

၁၂။ သဘာဝဓါတ်ငွေ့ အထွက်ဆုံး ဟု ရေးသားပြီး

ယခုနှစ် ၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းတွင် ၂၁ ဒသမ ၄၅ ရခိုင်နှုန်း အစား ၁၆ ဒဿမ ကျော်ကျော်ဟု မှားယွင်းရေးသားမိရာမှ ပညာရေးမှူးမှ တရားစွဲဆိုခြင်းဟု သိရသည်။

ယခုအခါ ဦးသန်းမောင်ဦးမှ သူ၏ ပို့စ်တွင် ရေးသားမှုအား ၂၁ ဒသမ ၄၅ ဟု အမှန်ပြင်လိုက်ပြီဟု သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...