စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုလ်ရေလှောင်တမံကနေ လာမည့်ဇွန်လမှစတင်ပြီး လျှပ်စစ်ဓာတ်အား ပေးဝေနိုင်တော့မည်ဟု သိရသည်။
၂၀၁၅-၁၆ ဘဏ္ဍရေးနှစ်တွင် ပြီးစီးခဲ့သည့် ရာဇဂြိုလ်ရေလှောင်တမံသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကို ဇွန်လတွင် ထုတ်လုပ်ရန်အဆင်သင့်ဖြစ်ကြောင်း ရာဇာဂြိုလ်ရေလှောင်တမံမှ တာဝန်ခံဦးမှူး ဦးမျိုးထွန်းကခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။
“ကျွန်တော်တို့ဘက်ကတော့ လည်ပတ်ဖို့ အဆင်သင့်ဖြစ်ပါပြီ မနှစ်ကဆိုရင် လျှပ်စစ်စက်ရုံမလည်နိုင်ပေမယ့် မိုးစပါး ဧက ၃၄၀၀ ကို ရေပေးခဲ့ပြီးပြီ”ဟု သူကပြောသည်။
ရာဇဂြိုလ်ရေလှောင်တမံမှ ၄ မီဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ကာ ဒေသအတွင်းအသုံးပြုရန် ကလေး ဓာတ်အားခွဲရုံသို့ ပိုလွှတ်ပြီး လည်ပတ်သွားမည်ဟု ၎င်းကဆက်ပြောသည်။
ယင်းရေလှောင်တမံသည် ၂၀၁၅-၂၀၁၆ မိုးရေကြောင့် ရေလှောင်ပမာဏနည်းသွားသော်လည်း စိုက်ပျိုးရေးမှာ ရနိုင်သလောက်ပေးနိုင်ရန်နှင့် လျှပ်စစ်ဓာအားကိုလည်း အသုံးပြုနိုင်ရန်အတွက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။
ဦးမျိုးထွန်းက “ဝန်ကြီးဌာနရဲ့ရည်ရွယ်ချက်ကလည်း စိုက်ပျိုးရေပေးဖို့ဖြစ် တယ်။ ဆည်တည်ဆောက်စဉ် ကလေးမြို့ကြီးက ၂၄ နာရီ မီးမရသေးဘူး၊ ရာဇဂြိုလ်မှာကတော့ ၄ မီဂါဝပ်လောက်ရရင်တော့ ကလေးမြို့ကိုပေးမယ်လို့ ရည်ရွယ်တယ်။ပထမကတော့ စိုက်ပျိုးရေးပေးဖို့ ဒုတိယက လျှပ်စစ်မီးပေးဖို့၊ တတိယရည်ရွယ်ချက် ကတော့ ရေဘေးကာကွယ်ရေး အတိုင်းအတာတစ်ခုထိ ရေသိုလှောင်ထားမယ်ဆိုရင် ကလေးလွင်ပြင် ရေကြီးနှစ်မြှပ်တဲ့ဒဏ်ကနေ ကာကွယ်နိုင်မယ်။” ဟုသူကပြောသည်။
၎င်း ရေလှောင်တမံသည် လျှပ်စစ်ဓာတ်အားနှင့် စိုက်ပျိုးရေးအတွက် စီမံကိန်းတွေ လုပ်ဆောင်မှုများပြုလုပ်ပြီး တမံ ထိန်းသိမ်းရေးကိို တိုင်းဒေသကြီးစီမံခန့်ခွဲရေးလက်အောက်တွင် ပြန်လည်အပ်နှံမည်ဖြစ်ကြောင်း ဆက်ပြောသည်။







