ရှစ်လေးလုံးပြည်သူ့ပါတီအမည်ကို နိုင်ငံတကာရောက် ၈၈မျိုးဆက်ပြည်သူ့အင်အားစု ကန့်ကွက်

ရှစ်လေးလုံးပြည်သူ့ပါတီအမည်ကို နိုင်ငံတကာရောက် ၈၈မျိုးဆက်ပြည်သူ့အင်အားစု ကန့်ကွက်
by -
မျိုးပြည့်သင်း

ဦးကိုကိုကြီးအပါအဝင် ၈၈ မျိုးဆက်အချို့ ပါဝင်တည်ထောင်နေသည့် "ရှစ်လေးလုံးပြည်သူ့ပါတီ (The Four Eights People’s Party)" ကို ၈၈ အရေးတော်ပုံနာမည်အား အသုံးပြုသဖြင့် ကန့်ကွက်ကြောင်းသတင်းစာရှင်းပွဲကို နိုင်ငံတကာရောက် (၈၈) မျိုးဆက်ပြည်သူ့အင်အားစုက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ မြန်မာဂျာနယ်လစ်ရုံးခန်းတွင် မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည်။
 

၁၉၈၈ ခုနှစ် အရေးတော်ပုံသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုနှင့်သာ သက်ဆိုင်ခြင်းမဟုတ်သလို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းက ဦးဆောင်၍ပြုလုပ်ခြင်းမဟုတ်ကြောင်း ၄င်းသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

၈၈ အမည်ဖြင့် မီဒီယာ၊ အဖွဲ့အစည်း စသည်ဖြင့်ပြုလုပ်နေသည်များရှိသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် နိုင်ငံရေးပါတီအနေဖြင့် ဖွဲ့စည်းအသုံးပြုသည်ကို လက်မခံကြောင်း သတင်းစာရှင်းပွဲတွင် ပြောခဲ့ကြသည်။ "ရှစ်လေးလုံးပြည်သူ့ပါတီ" ကို ကန့်ကွက်ခြင်းမဟုတ်ဘဲ ၈၈ အရေးတော်ပုံကို အမည်ကို အသုံးပြုနေခြင်းကို ကန့်ကွက်ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

"ယနေ့ ဒီမိုကရေစီပြောနေတဲ့လမ်းကြောင်းကြီးက ပြီးသွားတာလဲမဟုတ်သေးဘူး။ ဘာကြောင့်လဲ။ သူများတွေအာဏာရှင်အုပ်ချုပ်တာ အနှစ် ၅၀၊ ကျွန်တော်တို့ကဒီမိုကရေစီအုပ်ချုပ်တာ ၂ နှစ်သားဘဲရှိသေးတယ်။ ဆက်ပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်ရမှာဘဲ။ ဒီအတွက် ရှစ်လေးလုံးပါတီ ဆိုတဲ့ အမည်နာမကြီးကိုသုံးပြီး ကျွန်တေ်ာတို့ပြည်သူလူထုရဲ့ဘဝတွေ ကျွန်တော်တို့ပြည်သူလူထုရဲ့အသက်အိုးအိမ်တွေ ကျွန်တော်တို့အနာဂါတ်တွေကို နင်းခြေသွားမယ့်ပါတီမျိုးဆိုရင်တော့ ကျွန်တော်တို့ဘယ်လိုနည်းနဲ့မှ မထောက်ခံပါဘူး။ ပြင်းပြင်းထန်ထန်ကိုကန့်ကွက်ပါတယ်။ ဒါကပုဂ္ဂိုလ်ရေးအရမပါပါဘူး နိုင်ငံရေးအရကန့်ကွက်ခြင်းဘဲဖြစ်ပါတယ်" ဟု နိုင်ငံတကာရောက် (၈၈) မျိုးဆက်ပြည်သူ့အင်အားစုမှ ဦးမောင်မောင်ဇော်က ပြောသည်။

ယခု သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကန့်ကွက်နေသည့်ပါတီအမည်ကို ပြည်တွင်းမှ ကန့်ကွက်သူ လူဦးရေ ၅၀၀ ရှိနေပြီး နိုင်ငံတကာရောက် (၈၈) မျိုးဆက်ပြည်သူ့အင်အားစုမှလည်း ကန့်ကွက်နေသည်။

ယင်းပါတီကို မူလက "ရှစ်လေးလုံးပါတီ" ဟု နာမည်ပေးရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ၏ ဒုတိယအကြိမ်စုံညီအစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။ ယင်းနောက် ပါတီမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့၌ လျှောက်ထားခဲ့သည်။ ပါတီအမည်နှင့်ပတ်သတ်၍ ကန့်ကွက်အငြင်းပွားမှုများဖြစ်ပေါ်လာနိုင်သဖြင့် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် "ရှစ်လေးလုံးပြည်သူ့ပါတီ (The Four Eights People’s Party)" ဟု နာမည်ပြောင်းလဲခဲ့သည်။

၈လေးလုံးပြည်သူ့ပါတီကို မှတ်ပုံတင်ထားသည့် ဦးကိုကိုကြီးက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု မဇ္စျိမကို ပြောသည်။ယင်းဥပဒေအရ ဘာသာရေးဆိုင်ရာထိခိုက်မှု၊ဒို့တာဝန်အရေးသုံးပါထိခိုက်မှု၊ အခြားပါတီများ၏နာမည်နှင့်လိုဂိုအမှတ်တံဆိတ်ထိခိုက်မှုများရှိလျှင် ရရက်အတွင်း ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (Union Election Commission-UEC) က ဧပြီလ ၆ ရက်နေ့တွင် ၈လေးလုံးပါတီကို ပါတီတည်ထောင်ရန် ခွင့်ပြုခဲ့သည်။ ပါတီမှတ်ပုံတင်ရန်အတွက် မေလ ၂ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့လျှောက်ထားခဲ့သည်ဟု UEC ၏ ဝက်ဘ်ဆိုက်ဒ်မှ သိရသည်

မေလ ၅ ရက်နေ့တွင် ရှစ်လေးလုံးပြည်သူ့ပါတီ (The Four Eights People’s Party) ၏ ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်နိုင်ကြောင်း UEC ၏ ဝက်ဘ်ဆိုက်ဒ်၌ ကြေငြာခဲ့သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...