KIA နဲ့ တပ်မတော်တို့ ကချင်ပြည်နယ် နမ္မတီး၌ တိုက်ပွဲများအပြင်းအထန်ဖြစ်

KIA နဲ့ တပ်မတော်တို့ ကချင်ပြည်နယ် နမ္မတီး၌ တိုက်ပွဲများအပြင်းအထန်ဖြစ်
by -
ဇေယျာမော်
နမ္မတီးမြို့လန်ဘရော့ယန်နှစ်ခြင်းခရစ် ယာန်ဘုရားကျောင်းနှင့် စိန်ပေါလုကက်သလစ်ဘုရားကျောင်းသို့ စစ်ရှောင်ရောက်လာသူများ။ ဓာတ်ပုံ-သန်းလွင်ဦး
နမ္မတီးမြို့လန်ဘရော့ယန်နှစ်ခြင်းခရစ် ယာန်ဘုရားကျောင်းနှင့် စိန်ပေါလုကက်သလစ်ဘုရားကျောင်းသို့ စစ်ရှောင်ရောက်လာသူများ။ ဓာတ်ပုံ-သန်းလွင်ဦး

ကချင်ပြည်နယ် နမ္မတီးမြို့နယ် ကဆုန့်ကျေးရွာအနီး၌ ကချင်လွတ်လပ်ရေးတပ် KIA တပ်ရင်း ၁၁ နှင့် တပ်မတော်တို့ အကြား ဧပြီလ ၂၀ ရက်နေ့ညနေပိုင်းမှ ၂၁ ရက်နေ့ အထိ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

"၂၀ ရက်နေ့ကပေါ့နော် တပ်မတော်ဘက်ကနေ ဒီ ကဆုန့်ရွာ KIA တပ်ရင်း ၁၁ ဌာနချုပ်ရှိတဲ့ရွာပေါ့နော်။ လက်နက်ကြီးနဲ့ ပစ်တာတွေရှိတယ်။ နောက်ပိုင်း လေယာဉ်ပျံနဲ့လည်း လာပြီး ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ မိုးချုပ်ခါနီးပိုင်းမှာ မြေပြင်တိုက်ပွဲတွေ ည ၈ နာရီကျော်အထိ တိုက်ပွဲတွေဖြစ်ခဲ့တယ်။ နောက်နေ့ ၂၁ ရက် နေ့မှာလည်း မြေပြင်တိုက်ပွဲတွေထပ်ဖြစ်ခဲ့ပါတယ်" ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံရွာသူရွာသားများသည် နမ္မတီးမြို့ပေါ်ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းများလည်း ရှိနေသည်။

"အခုလောလောဆယ် ပြည်သူလူထုတစ်ထောင်ကျော် နှစ်ထောင်နီးပါးကတော့ နမ္မတီးဘက်က ခရစ်ယာန် ကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြရတယ်ဆိုတဲ့ သတင်းတွေတော့ ကျွန်တော်တို့ကြားသိရပါတယ်" ဟု ဒုတိယဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

အဆိုပါ ကဆုန့်ကျေးရွာအနီး၌ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းပိုင်းက တပ်မတော်နှင့် KIA တို့ တိုက်ပွဲ ဖြစ်ပွားပြီး လူဦးရေ၁,ဝဝဝခန့်သည် နမ္မတီးမြို့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း များတွင် နှစ်ပတ်ခန့် တိမ်းရှောင်ခဲ့ရသည်။

ယင်းအပြင် ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာမှ တောထဲသို့ စစ်ရှောင်ထွက်ပြေးသွားကြသူ များအား နေရပ်သို့ ပြန်လာနိုင်ပြီဖြစ်သည်ဟု ကချင်ပြည်နယ်အစိုးရနှင့် တပ်မတော်ဘက်က ကြေညာထားသော်လည်း စစ်ရှောင်များ ပြန်လည်မရောက်လာသေးကြောင်း သိရသည်။

 

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...