ဒုသမ္မတနေရာအတွက် ဦးဝင်းမြင့် ရွေးချယ်ခံရ

ဒုသမ္မတနေရာအတွက် ဦးဝင်းမြင့် ရွေးချယ်ခံရ
by -
မင်းမင်း

ယနေ့ကျင်းပသည့် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အစည်းအဝေးတွင် ဒုတိယသမ္မတအဖြစ် တာမွေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အား ရွေးချယ်တင်မြှောက်လိုက်သည်။

ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်းရာ၌ ( ၂ ) ဦးရှိသဖြင့် ဆန္ဒမဲ လက်မှတ်ဖြင့် လျှို့ဝှက် ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ရာတွင် ဦးဝင်းမြင့်က ထောက်ခံမဲ (၂၇၃)မဲဖြင့် ရွေးချယ်ခံရခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က နှုတ်ထွက်ထားသော သမ္မတဖြစ်လာမည်ဟု ရေပန်းစားနေသည် ဦးဝင်းမြင့်အား ဒုသမ္မတလောင်းအဖြစ် အာဏာရ NLD ပါတီက အဆိုပြုခဲ့ခြင်းဖြစ်ပြီး အတိုက်အခံ ပြည်ထောင်စုကြံ့့ခိုင်ရေးနှင့်ဖွွံ့ဖြိုးရေးပါတီ(USDP)ကလည်း ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးကို အဆိုပြု တင်သွင်းခဲ့သည်။

ဦးသောင်းအေးကို အဆိုပြုခဲ့သူ USDP မှ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းက “သူ(ဦးသောင်းအေး)ဟာ အတွေ့အကြုံများတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ တပ်မတော်မှာလည်း အဆင့်မြင့် တပ်မတော်ခေါင်းဆောင်နေရာကို ကျေကျေပွန်ပွန်နဲ့ ထမ်းဆောင်နိုင်ခဲ့ပြီးတော့ အခု လွှတ်တော်ကိုယ်စားလှယ်တာဝန် ထမ်းဆောင်တဲ့ အခါမှာလည်း သူဟာ ဘဏ်များနဲ့ငွေကြေးဆိုင််ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှာ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီ့ထက် မြင့်မားတဲ့ ရာထူးတာဝန်တွေကို နိုင်ငံတော်အတွက် ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်မယ်လို့ ယူဆတဲ့အတွက် သူ့ကို အမည်စာရင်း တင်သွင်းရတာ” ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

သို့သော် လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ရာတွင် ဦးသောင်းအေးမှာ ထောက်ခံမဲ (၂၇)မဲ သာ ရရှိသည့်အတွက် မဲအများစုရရှိသည့် ဦးဝင်းမြင့်ကို ရှုံးနိမ့်သွားသည်။

ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတ ဦးဝင်းမြင့်၏ အမည်ကို ပြည်ထောင်စု လွှတ်တော်နာယကထံ ဆက်လက်တင်ပြသွားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က ကြေငြာထားသည်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကကို လာမည့် မတ်လ ၂၆ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။

ဦးဝင်းမြင့်ကို အဆိုပြုရွေးချယ်ရခြင်းနှင့်ပတ်သက်ပြီး NLD ပါတီမှ ဒေါ်ခင်စန်းလှိုင်က “ဦးဝင်းမြင့်ဟာ ပါတီမှာ ကျွန်မတို့နဲ့ တောက်လျှောက် လက်တွဲလာခဲ့သူ ဖြစ်တယ်။ နောက်ပြီးတော့ ဦးဝင်းမြင့်ရဲ့ ကြိုးစားအားထုတ်မှု၊ ရိုးသားမှု၊ ပါတီအပေါ်မှာ သစ္စာရှိမှု ဒါတွေကိုပေါ့။ ပြောရရင်တော့ ဦးဝင်းမြင့်ရဲ့ အရည်အချင်းတွေကို ယုံကြည်ပြီးတော့မှ အခုလို တင်မြှောက်လိုက်ခြင်း ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြီခဲ့သည့် မတ်လ ၂၁ရက်၊ ဗုဒ္ဓဟူးနေ့က သမ္မတတာဝန်မှ နှုတ်ထွက်သွားသည့် ဦးထင်ကျော်သည် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်ခဲ့သူဖြစ်သည့်အတွက် လစ်လပ်နေသည့် သမ္မတရာထူးအတွက် အဆိုပြုနိုင်ရန် ယခုကဲ့သို့ ဒုသမ္မတတစ်ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် လက်ရှိ ဒုတိယသမ္မတနှစ်ဦးဖြစ်သော ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူနှင့် ဦးဝင်းမြင့်တို့ သုံးဦးအနက် တစ်ဦးကို သမ္မတအဖြစ် ဆက်လက် ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။

လက်ရှိတွင်မူ လစ်လစ်နေသည့် သမ္မတရာထူးအတွက် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူထားသည်။

ဦးထင်ကျော်သည် လက်ရှိ အလုပ်တာဝန်များမှ အနားယူလိုသောကြောင့် နိုင်ငံတော်သမ္မတရာထူးက နှုတ်ထွက်သွားပါသည်ဟု နိုင်ငံတော်သမ္မတရုံးက မတ်လ ၂၁ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...