၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ် ဖလမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လူထုမှ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော ဒေါက်တာဇလှေထန်းသည် အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၌ မတ်လ ၁၇ ရက်၊ ၂၀၁၈ တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သည်ဟု သိရသည်။
ဒေါက်တာဇလှေထန်းသည် ငယ်ရွယ်စဉ်ကပင် တလျှောက်လုံး ချင်းအမျိုးသားရေးအတွက် တက်ကြွစွာ လှုပ်ရှားခဲ့သူတဦးဖြစ်သည်။ ၁၉၄၃ ခုနှစ် ဧပြီလ (၆) ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Tlauhmun ရွာတွင် ဖွားမြင်ခဲ့ပြီး၊ ကွယ်လွန်ချိန်တွင် အသက် (၇၅) နှစ် ရှိပြီဖြစ်သည်။
ဒေါက်တာဇလှေထန်းသည် ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး၊ သူအောင်မြင်ခဲ့သည့်နှစ်၌ မြို့မကျောင်းတကျောင်းလုံးတွင် (၃) ဦးသာ ဆေးပညာသင်ယူနိုင်ခွင့်ရရှိခဲ့ပြီး၊ယင်းထဲတွင် တဦးအပါအဝင်ဖြစ်ခဲ့သည်။
ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီမှ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်အတွက် သဘောထားမှတ်ချက်များတောင်းဆိုခဲ့ရာ ဦးလျန်အုပ်ဦးဆောင်သည့် ချင်းလူငယ်များ၏ အကြံပေးတင်ပြချက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့်အတွက် ဖမ်းဆီးအကျဉ်းချခြင်း ခံခဲ့ရသည်။
အကျဉ်းထောင်အတွင်းတွင် ဆလိုင်းတင်မောင်ဦးနှင့်တွေ့ဆုံခဲ့ပြီး၊ ဆလိုင်းတင်မောင်ဦးအား ချင်းကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ရန်အတွက် ဖိတ်ခေါ်ပြီး၊ ဆလိုင်းတင်မောင်ဦး ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ခ.စ.ယ) တွင် အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်နိုင်ရန်အတွက်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ ထိုနည်းတူစွာ စစ်ထောက်လှမ်းရေးမှ ဆလိုင်းတင်မောင်ဦးအား ဖမ်းဆီးရန် ရှာဖွေနေစဉ်ကလည်း သူ၏နေအိမ်တွင် အချိန်အတော်ကြာ ဖွက်ထားပေးခဲ့သူဖြစ်သည်။
ဒေါက်တာဇလှေထန်းသည် ဦးနု၏ ပြည်ချစ်ပါတီတော်လှန်ရေးအဖွဲ့နှင့်အတူ လှုပ်ရှားသော လွှတ်တော်ကိုယ်စားလှယ် Pu Mang Tling, William Sa Lian Zam တို့၏ ချင်းဒီမိုကရေစီပါတီ၏ တော်လှန်ရေးအားလည်း ပြည်တွင်းမှ တတ်နိုင်သရွေ့ ကူညီကာ မြေအောက်လှုပ်ရှားမှုများ ပြုလုပ်ပေးခဲ့သူလည်း ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားဘဝမှ တလျှောက်လုံးခင်မင်ရင်းနှီးခဲ့သည့် ရဲဘော်ရဲဘက်ဖြစ်သော ဆလိုင်းကစ်ပ်ခိုလျန်မှ ” တကယ်တော့ ဒေါက်တာ ဇလှေထန်း ဟာ ကျွန်တော့အစ်ကိုကြီးတစ်ယောက်လိုပါပဲ။ကျောင်းသားဘဝ ခစယ မှာ စပြီး သူနဲ့ ထိတွေ့မှုတွေရှိခဲ့ဘူးပါတယ်။ နောက်ပိုင်း ပူဆလျန်ဇမ်း တို့ တောခိုဖို့ကိစ္စ နဲ့ပတ်သက်ပြီး အကူအညီပေးရင်း ထိတွေ့ခဲ့ရတယ်။ နောက်တစ်ခါ ၁၉ရ၂ မဆလ စစ်အစိုးရက ချင်းပြည်နယ် ရရှိရေး၊ ဖက်ဒရယ်အရေးတောင်းဆိုခဲ့တာတွေ ကို ဆင်ဖြူတော်စစ်ဆင်ရေး နဲ့ ထိမ်းသိမ်းတော့ သူနဲ့ အတူ ဗဟန်း MI6 စစ်ကြောရေး မှာ အတူဆုံတွေ့ခဲ့ရပြီး အင်းစိန်ထောင်ကိ်ုပို့တော့လည်း သူနဲ့ တနေ့ထဲ အတူအပို့ခံခဲ့ရတယ်။ အင်းစိန်ထောင် တိုက် (၄) အခန်း (၆) မှာကျွန်တေ်ာ တိုက်ပိတ်ခံရတော့ သူက အခန်း (၁၂) မှာ၊ သူ့အခန်းက ရေချိုးခန်းရှေ့တည့် တည့်ဆိုတော့ မနက်ရေချိုးရင် သူ့ကိုခိုးခိုးပြီးနှုတ်ဆက်ခဲ့ရတာကိုက ကျွန်တော့ ဘဝမှာ ရင်ခုန်စရာလေး အမှတ်ရစရာလေးတစ်ခုဖြစ်နေတယ်။” ဟုပြောသည်။
၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးနောက် နိုင်ငံရေးပါတီများ ဖွဲ့စည်းရာတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ၌ ပါဝင်ခဲ့ပြီး၊ ဖလမ်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။
စစ်ထောက်လှမ်းရေးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ခြိ်မ်းခြောက်သောကာလဖြစ်ပြီး၊ သူ၏နေအိမ်မှာလည်း အကြိမ်ကြိမ် ရှာဖွေခြင်းခံခဲ့ရသည်။ ယင်းနောက် စစ်ထောက်လှမ်းရေးမှ ပုံနှိပ်ဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရပြီး၊ တရားရင်ဆိုင်နေစဉ်အတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ဆလိုင်းကစ်ပ်ခိုလျန်မှ “ကျွန်တော်လည်း အဝေးရောက်သွားပြီး ၁၉၉၈ ခုနှစ်မှာ CHIN FORUM ထောင်တော့ဆရာနဲ့ ပြန်လည်လက်တွဲခွင့်ရခဲ့တယ်။ ၂ဝ၁၁ နှစ်ကုန်ပိုင်းမှာ တစ်ခါ ချင်းအမျိုးသားတပ်ဦးမှာ သူနဲ့ လက်တွဲခွင့်ရပြန်တယ်။ ဒီနောက်ပိုင်းတွေ မှာတော့ ကျွန်တော်လည်း ယူအက်စ် ကသူ့အိမ် မှာ သွားလည်ခွင့် ရတယ်..သူလည်း ဂျာမနီ ကျွန်တော့ အိမ်ကိုလာလည်တယ်။ စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်။ ရှေးဖြစ်ဟောင်း တွေအပါအဝင် အနာဂတ်နဲ့ပတ်သက်တဲ့ အမြင်တွေရောဖလှယ်ဖြစ်ခဲ့ကြတယ်။ သဘောထား မတူတာတွေ ရှိခဲ့ပေမဲ့ ကျွန်တော့ရဲ့ နိုင်ငံရေးဘဝထဲမှာ အရေးကြီးတဲ့ လုပ်ဖေါ်ကိုင်ဖက် ကျွန်တော် ချစ်ခင်လေးစား ခဲ့ရတဲ့ ရဲဘော်ကြီး အစ်ကိုကြီး တယောက်အနေနဲ့ သူ့ကိုအမြေဲသတိရနေမှာပါ။ ချင်းပြည်နဲ့ ချင်းပြည်သူတွေအတွက် သတ္တိရှိရှိ မနားတမ်း လုပ်ဆောင်ခဲ့ တဲ့ ချင်း မျိုးချစ်ပုဂ္ဂိုလ်ကြီး တစ်ဦး အဖြစ် သူ့ ကို အမြဲလွမ်းဆွတ်သတိရနေမှာပါ။ကျွန်တော့ အစ်ကိုကြီး ရဲဘော်ကြီး ဇလှေထန်း တစ်ယောက် ခရစ်တော်၌ ငြိမ်းချမ်းစွာအိပ် ပျော်နို်င်ပါစေ။ ” ဟု နှုတ်ဆက်စကားဆိုသည်။
ဒေါက်တာဇလှေထန်းသည် ပြည်ပတွင် နေထိုင်စဉ်ကလည်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ)၏ ဥက္ကဌအဖြစ်၄င်း၊ ဒေါက်တာစိန်ဝင်းဦးဆောင်သည့် လွတ်မြောက်နယ်မြေ စင်ပြိုင်အစိုးရဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma-NCGUB) တွင် ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး၊ Chin Forum၊ အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မတီ (NHEC)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။







