RCSS နှင့် TNLA တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်သေးဟု ဆို

RCSS နှင့် TNLA တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်သေးဟု ဆို
by -
စိုးသူအောင်
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)စစ်ရေးပြအခမ်းအနားကိုတွေ့ရစဉ်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)စစ်ရေးပြအခမ်းအနားကိုတွေ့ရစဉ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအာဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်ပတ်ကျော်ခန့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တွေ့ဆုံဆွေးနွေးရန်မှာ လတ်တလောမဖြစ်နိုင်သေးဟု RCSS ဘက်မှ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

“  ဒီနေ့ မနက်စောစာမှာ ၄ နာရီလောက်မှာ ဖြစ်သေးတယ်။ ကျောက်မဲနဲ့ နမ့်စမ်မြို့နယ်ကြားက နေရာမှာ။ အရင်ကတော့ တွေ့ဆုံဆွေးနွေးဖို့ သဘောတူ ထားတာရှိတယ်။ အခုအခြေနေကတော့ ဘယ်လိုသဘောထားရှိမှန်း မသိသေးဘူး” ဟု ၄င်းက ဆိုသည်။

နှစ်ဖက်တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် RCSS နှင့် TNLA တို့မှာ မတ်လ ၉ ရက်နေ့ လောက်ကတည်းက ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အပါအဝင် နမ္မတူ ၊ သီပေါ နှင့် နမ့်ဆန့် အနီး၌  တိုက်ပွဲများဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး TNLA ဘက်မှ ဗိုလ်မှူး တာအိုက်ကျော်က “ ကျွန်တော်တို့ နယ်မြေ ဒေသမှာ ဖြစ်နေတော့ ဆုတ်ဖို့တော့ မရှိတော့ဘူး။ ကျွန်တော်တို့က သူတို့ကို သွားတိုက်တာ မဟုတ်ဘူး။ နဂိုတည်းက သူတို့ ဒီဘက်မှာ လှုပ်ရှားမှု မရှိဘူး။  ဆွေးနွေးဖို့က ပထမ ဇန်နဝါရီလ လောက်က တွေ့ဆုံမှုတစ်ကြိမ်တော့ရှိခဲ့တယ်။ ဆက်လက်ဆွေးနွေးဖို့ သဘောတူညီချက်ရခဲ့တယ်။ ပြီးခဲ့တဲ့တစ်ပတ်လောက်က တွေ့ဆုံဆွေးနွေးဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့အကြောင်းကို သူတို့ကို စာရေးပို့ထားတာ ရှိတယ်။ သူတို့ဆီကပြန်ပြီးအကြောင်းပြန်တာတော့မရှိသေးဘူး ” ဟု ပြောသည်။

သို့သော်လည်း RCSS ဘက်မှနေ၍ တွေ့ဆုံဆွေးနွေးရန်အတွက် လတ်တလောမဖြစ်နိုင်သေးဘဲ အဖွဲ့အတွင်းပြန်လည်ဆွေးနွေးရဦးမည်ဖြစ်ကြောင်း RCSS ဘက်မှ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားရသည့်အကြောင်းအရင်းမှာ TNLA ဘက်မှ RCSS ဘက်သို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့်ဟု ၄င်းကဆက်လက်ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ကလည်း တိုက်ပွဲများကြောင့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ကာ ကျောက်မဲမြို့ တောဖယ်ကျေးရွာမှ ဒေသခံ ရွာသားနှစ်ဦး သေဆုံးခဲ့ကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် အစိုးရ နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေး ထိုးထားသည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း တပ်မတော်(SSPP/ SSA)  ၊ တအာဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)  စသည့် အဖွဲ့များဖြင့် မကြာခဏဆိုသော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တအာဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် လက်မှတ် ရေးထိုးထားခြင်းမရှိဘဲ '၀'အဖွဲ့ (UWSA) ဦးဆောင်ဖွဲ့စည်းထားသည့် FPNCC ကော်မတီတွင် ပါဝင်ထားပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားသည့် အဖွဲ့ဖြစ်သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...