မွန်နှင့်လားဟူတို့ NCA အကောင်အထည်ဖော်မှုတွင် ပါဝင်ရေး ဆွေးနွေး

မွန်နှင့်လားဟူတို့ NCA အကောင်အထည်ဖော်မှုတွင် ပါဝင်ရေး ဆွေးနွေး
by -
ဖနိဒါ

ဖေဖော်ဝါရီလ ၁၃ ရက်က NCA လက်မှတ်ရေးထိုးခဲ့သော မွန်ပြည်သစ်ပါတီ ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးနှင့် အပစ်ရပ် အဖွဲ့ ၈ ဖွဲ့တို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် ဖော်ဆောင်နိုင်ဘို့ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုတွင် ရှေ့ဆက် ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

NCA အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး (JICM)  ကျင်းပရန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)တွင် ကိုယ်စားလှယ်များပါဝင်လာရေး ဆက်လက် ညှိနှိုင်းသွားရန် ဆွေးနွေး ဆုံးဖြတ်ခဲ့သည်ဟု အပစ်ရပ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာဒိုမူးက ပြောသည်။

“NCA အကောင်အထည်ဖော်မှုမှာ ကျနေုာ်တို့ JICM အစည်းအဝေးတွေ လုပ်ရမယ်။ ပြီးရင် UPDJC အစည်းအဝေးတွေ လုပ်ရမယ် စသည်ဖြင့် ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီးတော့ ကျနော်တို့ UPDJC နဲ့ဘယ်လို ပုံစံမျိုးနဲ့ သူတို့ ပါဝင်မလဲဆိုတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့တာ ရှိပါတယ်။ JICM နဲ့ UPDJC အစည်းအဝေးတွေ လုပ်ဖို့ ကြိုးစားသွားမယ်။ တဖက်နဲ့ ညှိနှိုင်းသွားမယ်”ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ အပစ်ရပ် အဖွဲ့အစည်း ၈ ဖွဲ့၏ UPDJC အဖွဲ့ဝင် ၁၆ ဦးရှိပြီး မွန်နှင့် လားဟူအဖွဲ့များ ထပ်မံ ပါဝင်လာသဖြင့် အဖွဲ့ဝင်များ တိုးချဲ့ သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

 ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များဖြစ်သော မွန်ပြည်သစ်ပါတီနှင့် လားဟူ အဖွဲ့ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)တွင် ပါဝင်နိုင်ရေးအတွက် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။

“PPSTထဲ ပါဝင်ဖို့ သူတို့မှာက UNFCအဖွဲ့ဝင်တွေ ဖြစ်တဲ့အခါကြတော့ သူတို့ UNFC ဆွေးနွေးပွဲတွေ ပြန်လုပ် ဖို့ရှိတယ်။ လောလောဆယ်သူတို့ မပြီးပြတ်သေးတဲ့အတွက် သူတို့ ညှိနှိုင်းလို့ ပြီးတော့မှပဲ နောက်ပိုင်း ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတဲ့အခြေခံကို ဆက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

 မွန်ပြည်သစ်ပါတီနှင့် လားဟူ အဖွဲ့တို့ အန်စီအေ လက်မှတ်ရေးထိုးပြီးနောက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်ရမည် ဖြစ်သလို၊ အန်စီအေ လက်မှတ်ရေးထိုးထားသော အဖွဲ့ ၈ ဖွဲ့ မှ RCSS နှင့် ALPတို့လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် လိုအပ်နေသဖြင့် တတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကို ဆိုင်းင့ံခဲ့သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...