တိုင်းရင်းသားအဖွဲ့များ၏ ဆက်ဆံရေးရုံးများမှာ သံရုံးများကဲ့သို့ဖြစ်ကြောင်း ခူဦးရယ်ပြော

တိုင်းရင်းသားအဖွဲ့များ၏ ဆက်ဆံရေးရုံးများမှာ သံရုံးများကဲ့သို့ဖြစ်ကြောင်း ခူဦးရယ်ပြော
by -
စိုးသူအောင်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများမှာ သံရုံးများကဲ့သို့ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုဥက္ကဋ္ဌ ခူဦးရယ်က ဆက်ဆံရေးရုံးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။

တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး (Bilateral Agreement) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများ လုပ်ငန်းညှိနှိုင်းအစည်းအဝးကို ကယားပြည်နယ် လွိုင်ကော်မြို့တွင်ပြုလုပ်နေသည်။

ဆက်ဆံရေးရုံးများ သည် အပစ်အခတ်ရပ်စဲရေး ထိန်းသိမ်းရန်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဦးတည်သည့် လုပ်ငန်းများဆောင်ရွက်ရန်၊ အရပ်သားပြည်သူ လူထုကို ကာကွယ်ရန်၊ ကူညီရန်၊ မိမိ၏ ဘာသာစကားများကို ပြန်လည် မြှင့်တင်ရန် စသည့် အချက်များ ကိုဆောင်ရွက်ရခြင်းဖြစ်သည်။

 “ ကျွန်တော်တို့ ရရှိထားတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ နောက်ပြီးတော့ နေ့တဓူဝဖြစ်ပေါ်လာမယ့် ပြဿနာအခက်ခဲတွေ၊ အဆင်မပြေမှုတွေကို ညှိနှိုင်းဖြေရှင်းတဲ့အခါမှာအထောက်အကူဖြစ်အောင်လို့ ဆက်ဆံရေးရုံးတွေက မဖြစ်မနေလိုအပ်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆက်ဆံရေးရုံးရဲ့အခန်းကဏ္ဍဟာ အင်မတန်အရေးကြီးပါတယ်။ပြောရရင် အဖွဲ့အစည်းတစ်ခုစီရဲ့ ဆက်ဆံရေးဟာ ကျွန်တော်တို့ အဖွဲ့အစည်းတစ်ခုရဲ့ သံရုံးပဲ။ နိုင်ငံရေးစကားပြောမယ်ဆိုရင် သံရုံးပဲ “ ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုဥက္ကဋ္ဌ ခူဦးရယ်ကပြောသည်။

အဆိုပါ (၁၁) ကြိမ်မြောက်ပြုလုပ်သည့် အဆိုပါ အစည်းအဝေးကို နိုဝင်ဘာ ၂၃ မှ ၂၅ အထိ ၃ ရက်ကြာပြုလုပ်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးတွင် ဆက်ဆံရေးရုံးများ၏ အရေးပါမှုအခန်းကဏ္ဍများကိုဆွေးနွေးကြမည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် အဓိကအားဖြင့် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲ၊ စစ်ရေးအရ စိန်ခေါ်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကဏ္ဍာရေးဆိုင်ရာ အခက်အခဲများကို သက်ဆိုင် ဆက်ဆံရေးရုံးမှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဆက်ဆံရေးရုံးတာဝန်ခံများ၊ လက်မှတ်ရေးမထိုးရ သေးသည့် အဖွဲ့များဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) တို့အပြင်အိမ်ရှင်ဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှကိုယ်စား လှယ်များလည်းတတ်ရောက်ခဲ့သည်။

အစည်းအဝေးကို ဥရောပ မြန်မာရုံး (EBO)မှ ကမကထ ပြုလုပ်၍ “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများ လုပ်ငန်းညှိနှိုင်းအစည်းအဝး ”ခေါင်းစဉ်ဖြင့် ကျင်းပနေခြင်းလည်း ဖြစ်သည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...