ချင်းပြည်နယ် ပလက်ဝ၌ တပ်မတော်နှင့် AA တိုက်ပွဲဖြစ်၊ အရပ်သားတစ်ဦးသေဆုံး

ချင်းပြည်နယ် ပလက်ဝ၌ တပ်မတော်နှင့် AA တိုက်ပွဲဖြစ်၊ အရပ်သားတစ်ဦးသေဆုံး
by -
ဇေယျာမော်
ဓာတ်ပုံ - ရက္ခိုင့်အဖွဲ့ AA
ဓာတ်ပုံ - ရက္ခိုင့်အဖွဲ့ AA

ချင်းပြည်နယ် ၊ ပလက်ဝ မြို့နယ်တွင် အစိုးရတပ်မတော်နှင့် ရက္ခိုင့်အဖွဲ့ AA တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ယမန်နေ့ နံနက်ပိုင်းက AA အဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က မဇ္စျိမသို့အတည်ပြုပြောဆိုသည်။

"တပ်ကစက်လှေနှစ်စင်းကို AA ဘက်က ပစ်တော့ တပ်က ရဲဘော်တွေပါလာတဲ့ စက်လှေတစ်စင်း နစ်သွားတယ်။ အရပ်သားစက်လှေတစ်စင်းလည်း နစ်တယ်ပေါ့။ အဲ့ဒီမှာ ရှင်းလက်ဝ ကျေးရွာသား ကျောက်ဖြူ GTI တက်နေတဲ့ ကျောင်းသားတစ်ယောက် ထိမှန်သေဆုံးပါတယ်" ဟု ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့်နေရာသည် ကုလားတန်မြစ်အထက်ပိုင်းတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ဒေသခံပြည်သူ တစ်ရာကျော်ခန့်ကို လိုအပ်သည့် ကူညီမှုများ ပေးအပ်သွားမည်ဟု ဝန်ကြီး၏ ပြောဆိုချက်အရ သိရသည်။

"လောလောဆယ်တော့ လူဦးရေ တစ်ရာကျော် ထွက်ပြေးစစ်ရှောင်နေရတယ်ပေါ့နော်။ကုလားတန်အထက်ပိုင်း ပြိုင်ကင်းဝ ၊ ရှင်းလက်ဝ ဘက်ကို ရွေ့ပြောင်းလာရတာဖြစ်ပါတယ်" ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝဒေသအနီး၌ တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်ခြင်းကြောင့် ဒေသခံများအား ခရီးသွားလာခြင်းမပြုရန် နှင့် မဖြစ်မနေ သွားလာရမည့် အခြေအနေရှိပါက သတိထားသွားလာရန် ရက္ခိုင့်အဖွဲ့(AA) မှ နိုဝင်ဘာလ ၅ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

ယခုနှစ် သြဂုတ်လကုန်ပိုင်းတွင်လည်း ကုလားတန်မြစ်အနောက်ဘက်ခြမ်း ကန်သရက် တောင်တန်းအနီးတွင် တပ်မတော်နှင့် AA အဖွဲ့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်သည်များ ကျဆုံးမှုများရှိခဲ့သည်။

ယင်းထိတွေ့မှုတွင် AA အဖွဲ့မှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသော်လည်း AA ဘက်ကမူ တပ်မတော်ဘက်မှ စတင်ဝင်ရောက်၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ရက္ခိုင့်အဖွဲ့ AA သည် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်လည်း ဖြစ်သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...