၀ ၊ မိုင်းလားအဖွဲ့များနှင့် အစိုးရတို့ နိုဝင်ဘာ ဒုတိယပတ်အတွင်း တွေ့ဆုံမည်

၀ ၊ မိုင်းလားအဖွဲ့များနှင့် အစိုးရတို့ နိုဝင်ဘာ ဒုတိယပတ်အတွင်း တွေ့ဆုံမည်
by -
ဇေယျာမော်

'၀' နှင့် မိုင်းလားဒေသသို့ နိုဝင်ဘာ ဒုတိယပတ်အတွင်း အစိုးရဘက်က လာရောက်မည်ဟု အကြောင်းကြားစာ ပေးပို့လာကြောင်း ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA)လားရှိုးမြို့ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံဦးညီရန်းက ပြောသည်။

"ခရီးစဉ်ကတော့ ဒီလ ဒုတိယအပတ်အတွင်းမှာလာမယ်လို့ အကြောင်းကြားလာတယ်။ ကျွန်တော်တို့ ၀ ပြည်နယ် ပန်ဆန်းကို သွားမယ်ပေါ့နော်။ လာမယ့် လူပုဂ္ဂိုလ်စာရင်းကတော့ အယောက်နှစ်ဆယ် ၀န်းကျင်လောက် ရှိတယ်" ဟု ဦးညီရန်းက မဇ္စျိမက ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

အဆိုပါ ခရီးစဉ်ကို နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်လာရောက် မည်ဖြစ်ပြီး ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး နှင့် ကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးတို့ ပါ၀င်မည်ဖြစ်သည်။

သွားရောက်သည့်အကြောင်းအရင်းကို အသေးစိတ်မသိရှိရသေးသော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ တပ်မတော်သားများ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များလည်း အဆိုပါခရီးစဉ်၌ လိုက်ပါမည်ဖြစ်ကြောင်း ဦးညီရန်း၏ ပြောဆိုချက်အရသိရသည်။

အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ နိုင်ငံရေးအရ ဆွေးနွေးရန် ကြိုးစားနေသည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များတွင် '၀' နှင့် မိုင်းလား အဖွဲ့များလည်း ပါ၀င်နေသည်။

ယင်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC) ဆိုသည့် အဖွဲ့ကို တရုတ်- မြန်မာ နယ်စပ်အခြေစိုက် ဝအဖွဲ့ (UWSA) ၊ တအာင်းလွတ်မြောက်ရေး အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့( KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့ဖြင့် ယခုနှစ် ဧပြီလအတွင်း၌ ဖွဲ့စည်းထားသည်။

အစိုးရအနေဖြင့် ယင်းကော်မတီပါ အဖွဲ့များကို အားလုံးတွေ့ဆုံရန် မဖြစ်နိုင်ကြောင်း ပြောဆိုထားသော်လည်း မြောက်ပိုင်းအဖွဲ့များအနေနှင့်မူ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးမှုများကို တစ်ဖွဲ့ချင်းစီ မလုပ်ဘဲ ခုနစ်ဖွဲ့ အတူတကွ ဆောင်ရွက်ရန် သဘောတူထားသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...