ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာချင်တဲ့ အဖွဲ့တွေကို အချိန်မရွေး ကြိုဆိုတယ်လို့ ဒေါ်စုပြော

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာချင်တဲ့ အဖွဲ့တွေကို အချိန်မရွေး ကြိုဆိုတယ်လို့ ဒေါ်စုပြော
ယနေ့ကျင်းပသည့် UPDJC အစည်းအဝေး (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
ယနေ့ကျင်းပသည့် UPDJC အစည်းအဝေး (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

အစိုးရအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ် ရေထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာရေးကို အထူးအလေးအနက်ထားသလို ပါဝင်လိုသည့် အဖွဲ့အစည်းများကိုလည်း အချိန်မရွေး ကြိုဆိုနေသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“၂၁ရာစုနှစ်ပင်လုံညီလာခံနဲ့ နိုင်ငံရေးဆွေးနွေးပွဲ တံခါးကို အစဉ်အမြဲဖွင့်ထားပါတယ်။ ဒါကျွန်မတို့ မူပါပဲ။ ဘယ်တော့မဆို ငြိမ်းချမ်းရေးထဲမှာ ပါ၀င်လာချင်တဲ့ အစုအဖွဲ့များကို ကျွန်မတို့ ကြိုဆိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အောက်တိုဘာ ၃၀ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် ပြုလုပ်သည့် (၁၂)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်းအဝေးတွင် အဖွင့်အမှာစကားပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“NCA လက်မှတ်မထိုးရသေးဘဲနဲ့ ကျန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါ၀င်လာရေး အတွက် UPDJC အဖွဲ့ဝင်များက တစ်ဖက်တစ်လမ်းကနေ အတက်နိုင်ဆုံး ကူညီပံ့ပိုးဆောင်ရွက်သွား ကြဖို့လည်း ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးတွင် ပြောကြားသည်။

ယခုကျင်းပသည့် (၁၂)ကြိမ်မြောက် UPDJC အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ တတိယအစည်းအဝေးတွင် ဆွေးနွေးမည့် ခေါင်းစဉ်များ သတ်မှတ်ရေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးနှင့် ကျင်းပမည့်နေရာ၊ ကျင်းပမည့်ပုံစံ သတ်မှတ်ရေး၊ UPDJC ၏ လုပ်ငန်းကော်မတီများတွင် ဆွေးဆွေးမည့် စာတမ်းများကိစ္စနှင့် ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ချုပ်ဆိုသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)အား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရေးကိစ္စတို့ကို ဆွေးနွေးကြမည် ဖြစ်သည်။

အစည်းအဝေးကို မနက်ဖြန် အောက်တိုဘာ ၃၁ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...