ငွေကြေးတောင်းခံသည်ဟု စစ်ဆေးတွေ့ရှိရသော မွန်ပြည်နယ်လွှတ်တော်ဦးစီးအရာရှိအား အရေးမယူနိုင်သေး

ငွေကြေးတောင်းခံသည်ဟု စစ်ဆေးတွေ့ရှိရသော မွန်ပြည်နယ်လွှတ်တော်ဦးစီးအရာရှိအား အရေးမယူနိုင်သေး
by -
သံလွင်တိုင်းမ်
မွန်ပြည်နယ်လွှတ်တော်မှ အသစ်ခန့်အပ်မည့် အငယ်တန်းစာရေးများထံမှ ငွေကြေးတောင်းခံ သည့် ဦးစီးအရာရှိကို ငွေကြေးတောင်းခံကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း အစိုးရဌာနသို့ ပြောင်း ရွှေ့ခြင်းမရှိသေးသောကြောင့် အရေးမယူနိုင်သေးကြောင်း သိရသည်။

ငွေကြေးတောင်းခံသည်ဟု စစ်ဆေးတွေ့ရှိသော ဦးစီးအရာရှိမှာ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနသို့ပြောင်းရွှေ့ရန် စာရင်းတင်ထားသူလည်းဖြစ်သည်။

“မိခင်ဌာနဖြစ်တဲ့အကိုတို့ဆီကို မရောက်သေးဘူး ဒီအဖြစ်အပျက်မှန်ကန်ကြောင်း အထောက်အထားလည်း အစ်ကိုတို့ဆီမှာမရှိသေးဘူး။ ဒါကြောင့်သူ့ကိုစုံစမ်းစစ်ဆေးပြီးအရေးယူလို့မရသေးဘူး။ အစ်ကိုတို့ဆီ တရားဝင်မရောက်လာသေးဘူး “ဟု မွန်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်ကပြောသည်။

လက်ရှိတွင် အဆိုပါ ဦးစီးအရာရှိမှာ လွှတ်တော်တွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်ပြီး လုပ်ငန်းတာဝန်မပြီးပြတ်သေးသည့်အတွက် လွှတ်တော်တွင်သာဆက်လက်ရှိနေသေးကြောင်းနှင့် ၄င်း၏ လုပ်ဆောင်မှုစစ်ဆေးတွေ့ရှိချက်ကိုမူ ပြည်ထောင်စုလွှတ်တော်နှင့် မွန်ပြည်နယ်အစိုးရထံသို့ အစီရင်ခံ အဖြစ်ပေးပို့ထားသည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက ပြောသည်။

“ဒီလကုန်သူ့ကို လွဲပေးမှာပါ။ အစိုးရအဖွဲ့ကို စစ်ဆေးတွေ့ရှိကြောင်း စာတင်ထားတာ ဆယ်ရက်လောက်ရှိပြီ။ အန်တီတို့မှာက အရေးယူပိုင်ခွင့်မရှိဘူး။ ဒါကိုအုပ်ချုပ်ရေးပိုင်းကလုပ်ရမှာ အန်တီတို့ လွှတ်တော်လုပ်ငန်း လည်ပတ်လို့မပြီးမချင်း သူ့ကိုမလွှဲရသေးတာ “ဟုလွှတ်တော် ဥက္ကဌဒေါ်တင်အိ ကပြောသည်။

မွန်လွှတ်တော်မှအသစ်ခန့်အပ်မည့်အငယ်တန်းစာရေးများထံမှ တစ်ဦးလျှင် လစာနှစ်လစာ နှင့်ညီမျှသော ငွေကျပ်သုံးသိန်းကို ဦးစီးအရာရှိမှတောင်းခံခဲ့သည့်အတွက် အငယ်တန်းစာရေးမှ မွန် လွှတ်တော်သို့ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး လွှတ်တော်မှ ကော်မတီဖွဲ့စစ်ဆေးရာတွင် တောင်းခံကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု စစ်ဆေးရေးကော်မတီဥက္ကဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူကပြောသည်။

“ကျန်တဲ့အပိုင်းကတော့ အစိုးရအဖွဲ့ရဲ့အပိုင်းပေါ့။ အစ်ကိုတို့စုံစမ်းတွေ့ရှိတဲ့ စစ်ဆေးချက်တွေ ကို တင်ထားပြီးပြီ။ တောင်းခံတယ်ဆိုတဲ့အကြောင်းကို တွေ့ရှိတယ်”ဟု စစ်ဆေးရေးကော်မတီဥက္ကဌ ဦးအောင်ကျော်သူကပြောသည်။

အဆိုပါဦးစီးအရာကို တိုင်ကြားခဲ့သည့် ငွေကြေးတောင်းခံရသူ အငယ်တန်းစာရေးသည် လွှတ် တော်ဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းခံ ရသော်လည်း တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့်အတွက် စတင် တာဝန်ထမ်းဆောင်ရမည့် ဇူလိုင်လ ၁ရက်နေ့ကပင် နှုတ်ထွက်စာတင်ခဲ့သည်။

ဓာတ်ပုံ-CJ
January 9, 2026
ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ စစ်ကော်မရှင်တပ်...
ဓာတ်ပုံ-Social Media
January 9, 2026
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မုတ်ဆိတ်ကွင်းကျေးရွာထဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်...
ဓာတ်ပုံ-CJ
January 7, 2026
ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတွေထဲကို...
December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...