ဒေါက်တာအေးမောင်မပါဘဲ ရခိုင်အမျိုးသားပါတီ ခရီးဆက်နိုင်ပါ့မလား

ဒေါက်တာအေးမောင်မပါဘဲ ရခိုင်အမျိုးသားပါတီ ခရီးဆက်နိုင်ပါ့မလား
by -
နေသော်
မြန်မာဒီမိုကရေစီရဲ့ ဇာတ်ကောင်တစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးအေးမောင်ဟာ မာန်အောင်မဲဆန္ဒနယ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ရခိုင်အမျိုးသားပါတီအပေါ် လူထုကြားမှာ ဝေဖန်မှုမြင့်တက်လာခဲ့ပါတယ်။ ဒေါက်တာအေးမောင်က ပါတီရဲ့ ဥက္ကဌ နေရာက နုတ်ထွက်ပြီး ပါတီက ပေးတဲ့ အပြစ်ကို ခံယူမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ ပါဝင်ခဲ့တဲ့ ဦးအေးမောင်ဟာ မာန်အောင်မဲဆန္ဒနယ်မှာ ရှုံးနိမ့်ရခြင်းဟာ ပါတီတွင်း လုပ်ကြံမှုတွေကြောင်းပဲ ဖြစ်တယ်လို့ ဦးခိုင်ပြည်စိုးက သူရဲ့သုံးသပ်ချက်ကို ပြောပါတယ်။

“ပါတီက နှစ်ပါတီ ပေါင်းထားတာ ဆိုတော့ ပါတီအတွင်းမှာ ရှိတဲ့ သူတွေရယ်၊ ပြီးတော့ အဲဒီ အသိုင်းအဝန်းနှင့် ဆက်နွယ်တဲ့ သူတွေက စာအုပ်တွေထုတ်၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီးတော့ ဒေါက်တာ အေးမောင်ရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းအောင် ပြုလုပ်တာတွေကို တွေ့ရတယ်။ ဒါတွေကို အရေးယူဖို့ကျတော့ ကာယကံရှင်ဖြစ်တဲ့ ဒေါက်တာအေးမောင်က ဘာမှ တရားဝင် မပြောသေးဘူးလေ။”လို့ သူက ပြောဆိုပါတယ်။

ဦးခိုင်ပြည်စိုးဟာ ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဒေါက်တာအေးမောင်ကို ကိုယ်စားလှယ်လောင်း ရွေးချယ်မှု မတိုင်မီ စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌ တစ်ဦးအနေနဲ့ တရားစွဲခဲ့သူတစ်ဦးလည်းပဲ ဖြစ်ပါတယ်။

ဦးအေးမောင် ပေါက်တောမြို့နယ်ကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံမှု အစီစဉ်ကိုလည်း အတိုက်အခံပြုလုပ်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်သူတွေကြားမှာတော့ ဒေါက်တာအေးမောင်ရှုံးနိမ့်ရခြင်းဟာ မာန်အောင် မဲဆန္ဒနယ်မှာ သွားရောက်ပြီးတော့ ယှဉ်ပြိုင်ခဲ့တဲ့အတွက် ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ ထင်မြင်ကြပါတယ်။

ဒေါက်တာ ဦးအေးမောင်အနေနဲ့ မာန်အောင်မဲဆန္ဒနယ်ကို သွားရောက်ပြီးတော့ ယှဉ်ပြိုင်လိုစိတ်တော့ ရှိမယ်ဆိုတာ ဖြစ်နိုင်မှု နည်းပါးပါတယ်။ ပေါက်တောမြို့မှာ နေရာ မရရှိမှု၊ စစ်တွေမြို့မှာ နေရာ မရရှိမှု၊ ရသေ့တောင်မြို့မှာ နေရာ မရှိမှုတို့ဟာ ဦးအေးမောင်အနေနဲ့ မဲဇာတောင်ခြေကို ရွေးချယ်ရမယ့် အနေအထားပါ။ ဦးအေးမောင်ကတော့ မာန်အောင်မြို့နယ် အပေါ် သူ့အနေနဲ့ ရွေးချယ်ရမှုကို သူကတော့ အခုလို ဆိုပါတယ်။

“ရည်ရွယ်ချက်ကတော့ မာန်အောင်မြို့နယ်ရဲ့ မဖွံ့ဖြိုးတဲ့ အခြေအနေကို ရခိုင်အမျိုးသားတစ်ဦးအနေနဲ့ မြင့်တင်ရအောင်လို့ပါ”လို့ သူက ပြောပါတယ်။

အခြားတစ်ဘက်မှာ ဒေါက်တာအေးမောင် ရှုံးနိမ့်ရခြင်းဟာ ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့အနေနဲ့ မာန်အောင် မဲဆန္ဒနယ်ကို စည်းရုံးရေး မဆင်းခဲ့တဲ့အတွက်လို့ ရခိုင်နိုင်ငံရေး စောင့်ကြည့်လေ့လာသူတွေက ဝေဖန်သုံးသပ်ကြပါတယ်။ ရခိုင်အမျိုးသားပါတီရဲ့ ဗဟို အောင်နိုင်ရေးအဖွဲ့ဟာ ဘာကြောင့် မာန်အောင်မြိုနယ်ကို မဆင်းခဲ့ရသလဲဆိုတာကိုတော့ ဦးခိုင်ပြည်စိုးက အခုလို ပြောပါတယ်။

“ဒေါက်တာအေးမောင်ကို မာန်အောင်ကို စည်းရုံရေးဆင်းခဲ့ရမလားလို့ မေးတယ်။ သူက မလိုဘူးတဲ့။ အခြေနေ ကောင်းတယ် ဆိုလို့ပေါ့။ ဆင်းမယ်ဆိုရင် ကျနော်တို့ မာန်အောင်နဲ့ လေးဆယ့်ငါးမိနစ်ဝေးတဲ့ နေရာမှာ ရှိပါတယ်”လို့ သူက ဆိုပါတယ်။

ဦးအေးမောင်ရှုံးနိမ်မှုနဲ့ ပါတ်သက်ပြီး လူထုနဲ့ ပါတီကြားမှာ အထင်မြင်လွဲမှားနေမှုတွေကို ကြေညာချက်ထုတ်ပြန်ရအောင် အထိ နက်ရှိုင်းခဲ့ပါတယ်။

လက်ရှိအခြေနေမှာတော့ ပါတီတွင်းမှာ အုပ်စုသုံးအုပ်စု အားပြိုင်နေတယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ အမည်မဖော်လိုသေးတဲ့ ထိပ်သီး ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။ ဒီလိုအခြေနေမျိုးမှာ ဦးအေးမောင်အနေနဲ့ ဘက်ရွေးချယ်မှု မှားတယ်လို့ သူက သုံးသပ်ပါတယ်။ ဦးအေးမောင်ကတော့ လာမယ့် ဒီဇင်ဘာမှာ ပြုလုပ်မယ့် ပါတီအစည်းဝေးမှာ ပါတီစည်းကမ်းထိန်းသိမ်းရေးဌာနမှာ မိမိကိုယ်ကို တရားစွဲဆိုဖို့ အဆိုတင်သွင်းမယ်လို့ ပြောပါတယ်။

ဦးအေးမောင်ဟာ ဥက္ကဌ ရာထူးက နုတ်ထွက်တယ်ဆိုရင် ပါတီက လက်ခံမလားဆိုတာ စိတ်ဝင်စားစရာပါ။ ဦးအေးမောင်ကို ပါတီကို ထုတ်ပယ်ခြင်းမပြုကြောင်း ပြည်သူလူထုသို့ အသိပေးကြေညာချက်ကို ထုတ်ပြန်ခဲ့ပေမယ့် အဆိုပါ ကြေညာချက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်မပါခဲ့ဘဲ ဥက္ကဌအဖွဲ့ကိုသာ ကိုယ်စားပြုထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ ဥက္ကဌအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပါသလား။ ဒါကတော့ ပါတီတွင်း အာဏာလွန်ဆွဲမှုတရပ်ဖြစ်နိုင်သလို ရခိုင်အမျိုးသားပါတီရဲ့ ခေါင်းဆောင်များကြား ဗီတိုအာဏာ သုံးပိုင်ခွင့်ကို သိသာထင်ရှားစေတဲ့ အချက်လည်း ဖြစ်နိုင်ပါတယ်။

အခြားတဖက်မှာ ဦးအေးမောင်ဟာ ဒီမိုကရေစီအစိုးရ သက်တမ်းငါးနှစ်တာ ကာလမှာ အခြားသော တိုင်းရင်းသား ခေါင်းဆောင်တွေကြား ရခိုင်အမျိုးသား ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ပေါ်ခဲ့သူလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်သူလူထုရဲ့ လိုအပ်ချက်အရ ပါတီဟာ ပေါင်းစည်းခဲ့ပေမယ့် နိုင်ငံရေးအရ မှုဘောင်တွေဟာ ပုံစံကွဲပြားနေကြပါတယ်။ နိုင်ငံတကာ ဆက်ဆံရေး ဖြတ်မယ်ဆိုပြီး နိုင်ငံတကာကို သွားရောက်သူက သွားရောက်နဲ့ အပြောနဲ့အလုပ်ဟာ ကွဲပြားနေခဲ့ကြပါတယ်။

ပါတီရဲ့ ဗဟိုချူပ်ကိုင်မှုက ထိပ်သီး တစ်ဦးချင်းစီမှာ ရှိနေပြီး ပါတီဝင်တွေကြား ချူပ်ကိုင်မှုဟာ ရှိနေသယောင်နဲ့ ပါတီဖွဲ့စည်းပုံရဲ့ အပေါ်အောက်မှာ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။

တကယ်လို့ ဦးအေးမောင်သာ ပါတီရဲ့ ဥက္ကဌ ရာထူးက နုတ်ထွက်ခဲ့ပြီး ပါတီကပါ နုတ်ထွက်ခဲ့မယ်ဆိုရင်တော့ ရခိုင် အမျိုးသားပါတီရဲ့ နိုင်ငံရေးပုံရိပ် ရှင်သန်မှုအဖြစ် ဦးအေးသာအောင်ပဲ ရှိပါတာ့တယ်။ ဦးအေးသာအောင်ဟာ တိုင်းရင်းသား ခေါင်းဆောင်တွေအပေါ် ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ပါဝါနဲ့ သြဇာညောင်းတဲ့သူတစ်ဦးပါ။ မြန်မာ့ဒီမိုကရေစီ သင်္ကေတ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းပဲ မောင်နှမလို ရင်းနှီးမှုရှိကြပါတယ်။

ဒီလိုအခြေနေမျိုးမှာ အစိုးရဖွဲ့ပိုင်ခွင့်ရှိတဲ့ NLD ဟာ ဦးအေးသာအောင်နဲ့အတူ နိုင်ငံရေးယဉ်ကျေးမှုတစ်ခုထဲမှာ အတူ ရှင်သန်လာကြသူပဲ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေကပါ ဒုသမ္မတ နေရာကို ရွေးချယ်တဲ့အခါ ဦးအေးသာအောင်ပဲ ရှိပါတယ်။ လက်ရှိ ရခိုင်အမျိုးသားပါတီမှာ အနိုင်ရရှိခဲ့တဲ့ သူတွေထဲက တချို့ဟာ နိုင်ငံရေး အားကောင်းတဲ့ သူတွေပါဝင်ပေမယ့် မကြာခင်ကာလမှာ လွတ်တော် နိုင်ငံရေးထဲကို ရောက်ရှိကြတော့မှာပါ။

ပါတီနိုင်ငံရေးကို ဘယ်သူက ထိန်းကျောင်းမလဲဆိုတာ အဖြေရှာရမယ့် အနေထားပါ။ အကယ်၍ ဦးအေးမောင်သာ နုတ်မထွက်ခဲ့ဘဲ ဆက်လက် ရှိနေခဲ့မယ်ဆိုရင်လည်း လွှတ်တော် ယဉ်ကျေးမှုနဲ့ ရှင်သန်ခဲ့တဲ့ ဦးအေးမောင်ဟာ ပါတီရဲ့ နိုင်ငံရေးရှင်သန်မှုကို ဘယ်လိုထိန်းကျောင်းမလဲ၊ အခြားတစ်ဖက်မှာ ဦးအေးမောင်အပေါ် စွဲချက်တင်ခဲ့တဲ့ ဦးခိုင်ပြည်စိုးနဲ့ လက်တွဲနိုင်ပါ့မလား။ ပါတီရဲ့ ဖြစ်ရှိနေတဲ့ အခြေနေအရတော့ မြင်တွေ့ရတာဟာ ဦးခိုင်ပြည်စိုးကပဲ နိုင်ငံရေးအယူအဆတွေကို ထိန်းကျောင်းနေတာကို မြင်တွေ့ရပါတယ်။

လွှတ်တော်ပြင်ပ ပါတီဗဟိုဌာနချုပ်ကို စီမံခန့်ခွဲဖို့ ဒီမိုကရေစီလစ်ဇင်နဲ့ ကွန်မြူနစ်လစ်ဇင် အားပြိုင်မှုက လွှတ်တော်ကို ညွှန်ကြားဖို့ လုံလောက်တဲ့ စွမ်းအင်တွေ ထွက်ရှိလာနိုင်ပါ့မလား။ ဒါမှမဟုတ် လွှတ်တော်က ပါတီကို ညွှန်ကြားသွားမလားဆိုတာကတော့ ရခိုင်အမျိုးသားပါတီကို ဘယ်လစ်ဇင်က လွှမ်းမိုးသွားနိုင်မလဲဆိုတာရဲ့ အဖြေတစ်ခုပါ။

ဆောင်းပါး - နေသော်/ Root Investigative Agency

Most read this week

More news from Others
January 15, 2016
မေး။  ။ ဆရာမတာဝန်ယူထားရတဲ့အပိုင်းနဲ့ KBC ကလုပ်ဆောင်ပေးနေတဲ့ အပိုင်းတွေ သိပါရစေ ခင်ဗျား။ ဖြေ။...
January 13, 2016
MSF ဟော်လန်အနေဖြင့် ၂၀၀၃-၂၀၀၄ မှ စတင်ကာ အေအာရ်တီ ( ART ) ဆေးပရိုဂရမ်ကို စတင်ခဲ့သော်လည်း...
November 17, 2015
တရားဥပဒေ စိုးမိုးမှု အခြေအနေကြောင့် အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ပေမယ့် လွတ်လပ်စွာ သွားလာခွင့်မရဘဲ...