NLD အနိုင်ရရှိမှုအလွန် ရခိုင်ပြည်

NLD အနိုင်ရရှိမှုအလွန် ရခိုင်ပြည်
by -
မိုးအောင်
တူညီစွာ ဆောက်လုပ်ထားတဲ့ အိမ်တန်းရှည်တွေကြားမှာ ခေါင်းဒုက္ကာ မဲရုံမှာ ဆန္ဒမဲ လာရောက်ပြုသူတွေနဲ့ စည်ကားနေကြပါ တယ်။ သစ်လွင်စွာ ဆောက်လုပ်ထားတဲ့ မဲရုံရဲ့ ပြင်ပရှေ့မှာတော့ မဲဆန္ဒရှင် စာရင်းကြေညာတဲ့ သင်ပုန်းရှေ့မှာ အမျိုးသမီး သုံးလေးဦး တန်းစီနေကြပါတယ်။ သူတို့ အားလုံးဟာ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးဖြစ်တဲ့ မိမိလိုလားတဲ့ အစိုးရကို ရွေးချယ် တင်မြောက်ခွင့်ရတဲ့ သူတွေပဲ ဖြစ်ကြပါတယ်။

တရားဥပဒေ စိုးမိုးမှု အခြေအနေကြောင့် အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ပေမယ့် လွတ်လပ်စွာ သွားလာခွင့်မရဘဲ နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့သူတွေလည်းပဲ ဖြစ်ကြပါတယ်။

ဆန္ဒမဲထည့်ပြီးဖြစ်ကြောင်း သက်သေခံအဖြစ် လက်သန်းမှာ မှင်လိမ်းကျံထားတဲ့ အသက် ၂၉ နှစ်အရွယ် မမီမီသန်းက ဒီလို လွတ်လပ်စွာသွားလာခွင့်မရတဲ့ အခြေအနေတွေပေါ် နောင်တက်လာမယ့် အစိုးရ ဖန်တီးပေးနိုင်မယ်လို့ ပြောပါတယ်။

“ကျမတော့ ကျမ ယုံကြည်တဲ့ ပါတီကို မဲထည့်ပေးခဲ့ပြီး ကျမတို့ရဲ့ ပျောက်ဆုံးနေတဲ့ တိုင်းရင်းသား အခွင့်အရေးတွေ၊ ဘာသာရေးအရ လွတ်လပ်စွာ ယုံကြည်ခွင့်ပေးနိုင်မယ့် အစိုးရကိုပဲ ထည့်ခဲ့တယ်”လို့ သူမက ဆိုပါတယ်။

မမီမီသန်းဟာ ၂၀၁၀ ရွေးကောက်ပွဲ ကာလကတော့ သူ ဆန္ဒမဲပြုခွင့်ရခဲ့တဲ့ နေရာဟာ ဒီလို လေတဟူးဟူး တိုက်ခတ်နေတဲ့ ပင်လယ်ပြင်နားက ကျေးရွာလေးမှာ မဟုတ်ပါဘူး။ စစ်တွေမြို့ရဲ့ အထင်ကရ ရပ်ကွက်တွေထဲမှာ ပါဝင်တဲ့ မိဇံရပ်ကွက်ကပဲ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ကာလ ပြီးနောက်မှာတော့ မမီမီသိန်း ဘဝမှာ တစ်ခါမှ မတွေ့ဖူးတဲ့ နေရာထိုင်ခင်းတွေနဲ့ ကျေးရွာမှာ ရှင်သန်နေခဲ့ရပါတယ်။ သူတို့ ကမန်တိုင်းရင်းသားတွေထဲမှာ တချို့ဆိုရင် ရခိုင်ပြည်နယ်မှာ မနေတော့ဘဲ ရန်ကုန်ကို ပြောင်းရွှေ့သွားကြပါတယ်။ ငွေကြေးအခြေအနေကြောင့် ဒီရွာလေးမှာပဲ မမီမီသန်းတို့ဟာ အခြေချနေထိုင်ကြရပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရသစ်လက်ထက်မှာ ဘာသာရေး အခြေပြု၊ လူမျိုးရေးဆန်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။ နှစ်ဘက် လူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ဒီနေ့အချိန်ထိ ခဲယဉ်းနေပါသေးတယ်။ လူ့အဖွဲ့အစည်း နှစ်ခုလုံးရဲ့ သင့်မြတ်ရေးကို ဆောင်ရွက်တဲ့သူဟာ သစ္စာဖောက်လို့ လူမျိုးရေး ဆန်တဲ့ တွေးခေါ်မှုအောက်မှာ သုဉ်းပါးကြရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလမှာတော့ မြန်မာနိုင်ငံရဲ့ ပြည်မမြို့တွေနည်းတူ ရခိုင်ပြည်နယ်မှာလည်း ပါတီတချို့ဟာ အမုန်းတရားကို ပွားစေတဲ့ ဘာသာရေး၊ လူမျိုးရေး အခြေပြု စည်းရုးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ အစိုးရ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ NLD ပါတီရဲ့ အကြီးအကဲတွေကို တိုက်ခိုက်ပြောကြားမှုတွေ ပြုလုပ်ကြတာကို မြင်ရပါတယ်။

ဒါပေမယ့် လူမျိုးရေး၊ ဘာသာရေးကို အခြေမခံတဲ့ NLD ပါတီဟာ ရခိုင်ပြည်နယ် တောင်ပိုင်းမှာ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီးပဲ ဖြစ်ပါတယ်။ နိုင်ငံတော် အဆင့်မှာလည်း အစိုးရဖွဲ့နိုင်ခွင့်ကို ရရှိခဲ့လို့ ရခိုင်ပြည်နယ်ရဲ့ ဝန်ကြီးချူပ်ဟာ NLD ကပဲ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ရခိုင်ပြည်နယ် NLD ပါတီ တာဝန်ရှိသူတွေက ဆိုကြပါတယ်။

အကယ်၍ NLD ပါတီကသာ ရခိုင်ပြည်နယ်မှာ ဝန်ကြီးချူပ်အဖြစ် ရှိခဲ့ပါက ယခင် ဝန်ကြီးချူပ်များဖြစ်ကြတဲ့ ဦးလှမောင်တင်၊ ဦးမောင်မောင်အုန်းနှင့် ယခု ဦးမြအောင်တို့ရဲ့ ကိုင်တွယ်ဖြေရှင်းခဲ့မှု အကျိုးအပြစ်တွေကို ဘယ်လို နာလန် ထူအောင် ဆောင်ရွက်မလဲဆိုတာက စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံခံနေရမှုတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ခုလို ပြောဆိုထားပါတယ်။

“ကျမ သူတို့ကို ပြောနိုင်တာကတော့ ဒီကိစ္စက သိပ်တော့ လွယ်တဲ့ကိစ္စ မဟုတ်ဘူးဆိုတာ သူတို့ သဘောပေါက်ထားဖို့ လိုပါတယ်။ ခွဲခြားတတ်တဲ့ စိတ်တို့၊ အမုန်းတရားတို့ ဆိုတာ နေ့ချင်းညချင်း ပျောက်သွားဖို့ မလွယ်ပါဘူး။ ကျမတို့အားလုံး ပူးပေါင်းလုပ်ဆောင်ရမယ်။ ကျမကတော့ ယုံကြည်ပါတယ်။ ဒီတိုင်းပြည်က လူအများစုဟာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးကို လိုချင်ကြတယ်။ မုန်းတီးမှု၊ ကြောက်ရွံ့မှုတွေနဲ့ မနေချင်ကြဘူးဆိုတာကို ကျမကတော့ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံမှာတော့ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုတွေ ခံနေရတယ်လို့ မမီမီသန်းက ပြောပါတယ်။ သူ့အနေနဲ့ ကျောင်းတက်စဉ် အရွယ်တုန်းက ဆိုခဲ့ရင်လည်း အတန်းထဲမှာ သူငယ်ချင်း၊ ဆရာ/မတွေရဲ့ သီးသန့် ခွဲခြား ဆက်ဆံခံနေရမှုနှင့် ယုံကြည်တဲ့ ဘာသာတရားတွေကိုတောင် တခါတရံ သံသယဖြစ်မိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာတော့ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ အသိုင်းအဝန်းကြားမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက် အပြည့်ရှိနေကြပါတယ်။ သူတို့ရဲ့ လူသားတစ်ဦးရဲ့ အခွင့်အရေးတွေကို ဒေါ်အောင်ဆန်းစုကြည်ကပဲ ပြောင်းလဲနိုင်မယ် လို့ မျှော်လင့်နေကြပါတယ်။

အခြားတစ်ဘက်မှာလည်းပဲ လွတ်လပ်စွာ သွားလာခွင့်ရတဲ့ ဒေသခံတွေကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်သာ အစိုးရ ဖြစ်လာခဲ့ရင် ဘာနိုင်ငံဖြစ် သွားမယ်၊ ညာနိုင်ငံဖြစ်သွားမယ် ဆိုပြီးတော့ အတိုက်အခံ အုပ်စုတွေရဲ့ ဝါဒဖြန့်မှုတွေထဲမှာ မျှောပါနေကြသူတွေလည်း ရှိကြပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ဘယ်ပါတီကပဲ အစိုးရ တက်တက် ရခိုင်အမျိုးသားပါတီရဲ့ သဘောထားမပါဘဲနှင့် မည်သည့် ဆုံးဖြတ်ချက်ကိုမှ မပြုလုပ်နိုင်ဘူးလို့ ပါတီအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးခိုင်ပြည်စိုးကတော့ ဆိုပါတယ်။

ရွေးကောက်ပွဲနေ့ မတိုင်မီ ရောက်ရှိလာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုနာယက ဦးတင်ဦးက NLD သာ အနိုင်ရရှိခဲ့မယ်ဆိုရင် ရခိုင်အမျိုးသားတွေကို သမိုင်းထဲမှာ ကိုယ်ပိုင်အချူပ်အခြာအာဏာရှိတဲ့ ဘဝတုန်းကလို ခံစားခွင့်တွေကို ခံစားရရှိစေရမယ်လို့ ဆိုပါတယ်။

မမီမီသန်းတို့လို ဘာသာရေးအရ ပဋိပက္ခ တိမ်းရှောင်ဒုက္ခသည်တွေအဖြစ် နေထိုင်ကြရတဲ့ သူတွေကတော့ သူတို့ရဲ့ ဘဝကို ပြောင်းလဲနိုင်မယ့် အစိုးရကို မျှော်လင့်နေကြပါတယ်။

ဆောင်းပါး - မိုးအောင်/Root Investigative Agency

More news from Others
January 15, 2016
မေး။  ။ ဆရာမတာဝန်ယူထားရတဲ့အပိုင်းနဲ့ KBC ကလုပ်ဆောင်ပေးနေတဲ့ အပိုင်းတွေ သိပါရစေ ခင်ဗျား။ ဖြေ။...
January 13, 2016
MSF ဟော်လန်အနေဖြင့် ၂၀၀၃-၂၀၀၄ မှ စတင်ကာ အေအာရ်တီ ( ART ) ဆေးပရိုဂရမ်ကို စတင်ခဲ့သော်လည်း...
November 17, 2015
မြန်မာနိုင်ငံရဲ့ အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ ပါဝင်ခဲ့တဲ့ ဦးအေးမောင်ဟာ...