အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် တိမ်းရှောင်သူများ နေရပ်ပြန်လည်နေထိုင်ရေး သတင်းစာရှင်းလင်း

အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် တိမ်းရှောင်သူများ နေရပ်ပြန်လည်နေထိုင်ရေး သတင်းစာရှင်းလင်း
by -
မဇ္ဈိမ
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအတွင်း လက်ရှိဖြစ်ပွားလျှက် ရှိနေသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ဒေသခံကျေးရွာသားများမှာ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်လျှက်ရှိနေရာ မိမိကျေးရွာများသို့ပြန်လည် နေထိုင်နိုင်ရေးနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွင် စစ်တွေမြို့၌ ပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို အနောက်ဖက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည် တည်ဆောက်ရေး ကော်မတီ (ယာယီ)မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယင်းဒေသအတွင်း ဒေသခံများ လုံခြံုစိတ်ချစွာ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

“လက်ရှိအခြေအနေက တော်တော်ဆိုးပါတယ်။ လူတွေမနေရဲတော့ပါဘူး။ ဒီလိုမျိုး ထွက်ပြေးနေရတော့ ဘဝ လုံခြံုမှုမရှိတော့တဲ့အတွက် လုံးဝစွန့်ခွာဖို့ စဉ်းစားနေကြပါတယ်။ ဒါကို ကျွန်တော်တို့က စိတ်ပိုင်းဆိုင်ရာ လုံခြံုမှုကို ပေးဖို့ စဉ်းစားရမှာဖြစ်ပါ တယ်။”ဟု ဒေသအခြေအနေ နှင့်ပတ်သက်ပြီး ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ပြောသည်။

အကြမ်းဖက်ဖြစ်စဉ်အားလုံးထဲတွင် မောင်တောမြို့အခြေအနေသည် အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေပြီး ဒေသခံများမှာ မိမိဒေသတွင်းနေထိုင်လိုစိတ်မရှိတော့သည့်အတွက် လက်လွှတ် ဆုံးရှုံးရနိုင်သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို ပြန်လည်နေထိုင်ခွင့်ရရှိလာရန်အတွက် ကြိုးစားဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

“ဘူးသီးတောင်မှာလည်းပဲ မြို့ပေါ်လောက်ပဲ အခြေအနေကောင်းပါတယ်။ နယ်ဘက်တွေမှာ အခြေအနေမကောင်းပါဘူး။ ဒါကြောင့် ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို တစ်ပွဲထိုးဆိုသလို ဆေးပြီးတိုတွေနဲ့ ကုလို့ကောင်းမှာမဟုတ်တော့ဘူး။ ရေရှည်မှာ ဘယ်လိုထိန်းသိမ်းသွားမလဲ ကာကွယ်သွားမလဲဆိုတာကို စဉ်းစားရမယ့် အခြေအနေကို ရောက်နေပါပြီ။ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ စုစည်းခိုင်မာမှု၊ ညီညွတ်မှုကို တည်ဆောက်ရမှာဖြစ်ပါတယ်။”ဟု ဒေါက်တာအေးချမ်းက ပြောသည်။

အဆိုပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီအနေဖြင့် အနောက်ဖက်နယ်စပ်ဒေသမှ ဒေသခံပြည်သူများနှင့် ယာယီရှောင်တိမ်းနေရသော ဒုက္ခသည်များအား စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြံုမှုပေးနိုင်ရန်၊ အနောက်ဖက်နယ်စပ်ဒေသရှိ ဒေသခံတိုင်းရင်းသားများ၏ ဘဝလုံခြံုရေး နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပံ့ပိုးကူညီသွားရန်၊ ရခိုင်ရေးရာကိစ္စရပ်များကို ကာကွယ်ရန်နှင့် ရပိုင်ခွင့်များကို ဥပဒေဘောင်အတွင်းမှ တောင်းဆိုသွားရန် စသည့်လုပ်ငန်းစဉ်များကို ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...