Published
Tuesday, September 05, 2017
ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သားဖြစ်သူအား ၆၆(ဃ)ဖြင့် တရားစွဲခံရသူ အလွတ်သတင်းထောက်က တောင်းပန်
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံထားရသူ ကချင်ပြည်နယ် ဖားကန့့် အခြေစိုက် အလွှတ်သတင်းထောက် ကိုဇော်မိုးထက်သည် သူ့အား တရားစွဲဆိုထားသူ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် သားဖြစ်သူ ဒေါက်တာအောင်မိုင်တို့အား စက်တင်ဘာလ ၅ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းပန်လိုက်သည်။
သြဂုတ်လ ၃၁ ရက်နေ့က ကိုဇော်မိုးထက်သည် မြစ်ကြီးနားမြို့မ ရဲစခန်းမှ အာမခံဖြင့် လွှတ်မြောက်လာပြီး အမှုနှင့် ပတ်သက်၍ ယနေ့တွင် မြစ်ကြီးနားမြို့ ပြည်နယ်ပြန်ဆက်ရုံး စာကြည့်တိုက် စျေး ၂ ထောင့်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော့လူမှုကွန်ယက်မှာ မှားယွင်းစွာ ရေးသားမိတဲ့အတွက် နစ်နာတဲ့ ဝန်ကြီးချုပ်နဲ့ သားဒေါက်တာ အောင်မိုင်ကို တရားဝင် တောင်းပန် တာပေါ့နော်။ မီဒီယာတွေရှေ့မှာ၊ နောက်ပြီး ကျွန်တော်တို့ မီဒီယာသမား တွေ သတင်းအချက်အလက် မှားယွင်းမှုကြောင့် ရေးမိသားမိတဲ့အခါ ဒီလိုမျိုး ချက်ချင်းကြီး ဖမ်းဆီး ထောင်ချတာမျိုး မလုပ်ဘဲနဲ့ Notice စာ ပေးတာမျိုး၊ အကြောင်းကြားတာမျိုး လုပ်လို့ရှိရင် ကျွန်တော်တို့လည်း တရားဝင် ပြန်ပြီးတော့ လုပ်ပေးနိုင်တယ် ဆိုတဲ့အကြောင်း၊ အဲဒီလိုမျိုး လုပ်စေချင်တဲ့ အကြောင်း ကျွန်တော်ပြောလိုက်တယ်”ဟု ကိုဇော်မိုးထက်က ပြောသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၂၆ ရက်နေ့က အင်းတော်ကြီးဒေသ မိုင်းနောင် မမုံကိုင်ဒေသရွှေလုပ်ကွက်များအကြောင်း ရေးသားထားပြီး အဆိုပါ လုပ်ကိုင်ခွင့်မှာ ဌာနဆိုင်ရာခွင့်ပြုချက်မပါဘဲ လုပ်ဆောင်မရကြောင်း၊ ကျေးဇူးကမ္ဘာပါ ကချင်ပြည်နယ် ဝန်ကြီးချုပ်ခင်ဗျားဟု အခြား လူမှုကွန်ယက်ပိုင်ရှင်ရေးထားသော စာသားများကို ကူးယူကာ အလွတ်သတင်းထောက် ကိုဇော်မိုးထက်က ကွန်းမန့်ပေးခဲ့ခြင်း ဖြစ်သည်။ ကွန်းမန့်မှာ “ ဝန်ကြီးချုပ်များထဲတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် အညံ့ဆုံးပါ၊ သူ့သား ဒေါက်တာ နာမည်နဲ့ ကုမ္ဗဏီထောင်ပြီး မြေဂရန်တွေ၊ အခြားသောဟာတွေ လက်မှတ်ထိုးလုပ်ပိုင်ခွင့်တွေ ချထားပေးတယ်လို့ သိရပါတယ်” ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။
အများပြည်သူ အထင်အမြင်လွဲမှားစေရန်နှင့် ဂုဏ်သိက္ခာညိုးနွမ်းစေသည့် အသရေပျက်စသည့် အရေးအသား များ ရေးသားခဲ့သည်ဟုဆိုကာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် သားဖြစ်သူ ဒေါက်တာ အောင်မိုင်တို့က ဆက်သွယ်ရေး ဥပဒေဖြင့် မြစ်ကြီးနားမြို့မ ရဲစခန်းတွင် သြဂုတ်လ ၂၆ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
တရားစွဲခံရသူ ကိုဇော်မိုးထက်က သြဂုတ်လ ၂၈ ရက်နေ့က သူ၏ လူမှုကွက်ယက်ပေါ်တွင် ရေးသားထားသော စာသားများကို ပယ်ဖြတ်လိုက်ပြီး နစ်နာသူများအား အနူးအညွတ်တောင်းပန်ကြောင်း လူ၏ လူမှုကွန်ယက်တွင် ရေးသားခဲ့သော်လည်း ကိုဇော်မိုးထက်ကို သြဂုတ်လ ၂၉ ရက်နေ့က မန္တလေးမြို့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထိုမှားယွင်းရေးသားဖော်ပြသော သတင်းအတွက် မီဒီယာသတင်းသမားများအား ချက်ချင်း ဖမ်းဆီးခြင်း မလုပ်ဘဲ ပြန်လည် ဖြေရှင်းခြင်း၊ တောင်းပန်ခြင်းများ ဆောင်ရွက်ခွင့် ပြုရန် အချိန်တစ်ခုပေးသင့်ကြောင်း တောင်းဆိုလိုက်သည်ဟု သူက ဆက်ပြောသည်။
“ကျွန်တော်တို့ သတင်းသမားတွေအပေါ်မှာ ချက်ချင်းကြီး တရားစွဲတာမျိုးမလုပ်ဘဲ။ ကျွန်တော်တို့ မှားယွင်းတဲ့သတင်းအပေါ်မှာ ချက်ချင်းအရေးယူ ဖမ်းဆီးပြီး အချုပ်ထဲထည့်တာမျိုးမလုပ်ဘဲနဲ့ ကျွန်တော်တို့ မှားယွင်းဖော်ပြတဲ့သတင်းအပေါ်မှာ ပြန်ပြီးတော့ ဖြေရှင်းခွင့် အချိန်လေးတော့ ပေးသင့်တယ်ဆိုတာမျိုး ပြောဖြစ်လိုက်တယ်”ဟု သူက ပြောသည်။
ကိုဇော်မိုးထက်ဘက်မှလည်း ထိုသို့ရေးသားမှုအပေါ် မှားယွင်းကြောင်းကို တောင်းပန်ခဲ့ခြင်း ဖြစ်ပြီး တရားစွဲသူများဘက်မှ ကျေနပ်မှု ရှိမရှိကို အမှုကို ရုပ်သိမ်းခြင်းအပေါ်တွင် မူတည်ကြောင်းနှင့် သူ့အနေဖြင့် ဝန်ကြီးချုပ်နှင့် သားဖြစ်သူများက ကျေအေးလိမ့်မည်ဟု မျော်လင့်ကြောင်း သူက ပြောသည်။
လာမည့် စက်တင်ဘာလ ၁၂ ရက်နေ့ထိ အာမခံ ရရှိထားကာ မြစ်ကြီးနားမြို့နယ် တရားရုံးတွင် အမှု ရင်ဆိုင်နေရခြင်း ဖြစ်သည်။







