နယ်စပ်ရှိ ရှမ်းဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ ဆက်လက် ထောက်ပံ့ပေးရန် ရှမ်းအဖွဲ့အစည်းများ တောင်းဆို

နယ်စပ်ရှိ ရှမ်းဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ ဆက်လက် ထောက်ပံ့ပေးရန် ရှမ်းအဖွဲ့အစည်းများ တောင်းဆို
by -
မဇ္ဈိမ
ရှမ်းပြည်နယ်နှင့် ထိုင်း-မြန်မာနယ်စပ်များရှိ ဒုက္ခသည်များနှင့် ပြည်တွင်းမှ နေရပ်စွန့်ခွာလာသည့် ပြည်သူ  ၆၂၀၀ ကျော်အတွက် စားနပ်ရိက္ခာများထောက်ပံ့ပေးရန် ရှမ်းပြည်ဒုက္ခသည်များကော်မတီနှင့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သြဂုတ်လ ၃၀ ရက်နေ့တွင်  ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုလိုက်သည်။

အခြေခံ စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆားများ ထောက်ပံ့ပေးနေသော နယ်စပ်တလျှောက် ကယ်ဆယ်စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBC)က လာမည့် စက်တင်ဘာလမှစတင်၍ စားနပ်ရိက္ခာများ ရပ်ဆိုင်းတော့မည်ဖြစ်၍ ဆက်လက် ကူညီထောက်ပံ့ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများအား တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“TBC က ၂၀၀၂ ခုနှစ်ကတည်းကနေ အကူအညီပေးခဲ့တာ ရှမ်းအိုင်ဒီပီတွေရော၊ ထိုင်းဘက်မှာရှိတဲ့ ကုန်းကျော်စခန်းက ဒုက္ခသည်တွေကိုရော ပေးနေတာ အခုက စက်တင်ဘာလကနေ ဖြတ်လိုက်တော့ သူတို့ မဖြတ်ခင်မှာ ကျနော်တို့က အခက်အခဲ အများကြီး ရှိတယ်။ တချို့ စခန်းတွေဆို ရှာစားလို့ရတဲ့ စိုက်ပျိုးဖို့လည်း တောင်တွေ အရမ်းမြင့်တော့ ဘာမှ စိုက်ပျိုးလို့ မရဘူး။ စပါးတွေ စိုက်လို့မရဘူး”ဟု ကုန်းကျော် ဒုက္ခသည်စခန်းမှ လုံးစိုင်းလင်းက မဇ္စျိမကို ပြောသည်။

ကုန်းကျော် ဒုက္ခသည်စခန်းသည် ၁၆ နှစ်ခန့် ကြာမြင့်ခဲ့ပြီး လက်ရှိ အခြေအနေတွင် နေရပ်ပြန်၍ မဖြစ်နိုင်သေးသဖြင့် စားနပ်ရိက္ခာများ ဆက်လက် ကူညီပေးကြရန် ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် အဓိကထားရှင်းပြခဲ့ကြသည်။

အဆိုပါ ဒုက္ခသည်များ နေထိုင်သော ဒုက္ခသည်စခန်းများတွင် တောင်ပေါ်တွင် တည်ရှိ၍ သီးနှံများ စိုက်ပျိုး စားသောက်ရန် ခက်ခဲခြင်းကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့သော ဆန်၊ ဆီ၊ ဆားများဖြင့် နေထိုင်လျက်ရှိသည်ဟု သိရသည်။

၁၉၉၉ ခုနှစ်ကတည်းက တည်ရှိသော ကောင်းမုန်မုန်း၊ လွိုင်တိုင်းလျှန်၊ လွိုင်လမ်၊ ကုန်းကျော်၊ လွိုင်ဆမ်ဆစ်၊ လွိုင်ကော်ဝမ်း စသည့် ဒုက္ခသည်စခန်း ၆ ခု ရှိပြီး အများအားဖြင့် အမျိုးသမီးနှင့် ကလေးများ ဖြစ်သည်ဟု သိရသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...