ရခိုင်ရိုးမတောင်တန်းအကြားမှ စတင်စီးဆင်းလာခဲ့သည့် သူဌေးချောင်းတွင် မိုးသည်ထန်စွာ ရွာသွန်းနေမှုကြောင့် ရေများပြည့်တက်လာနေသည့်အတွက် ယင်းချောင်းစီးဆင်းရာ ဒေသများရှိ ကျေးရွာ များမှာ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
“ရေက မနေ့ည ၂ နာရီခွဲလောက်ကနေ ပြည့်တက်လာတာပါ။ မိုးလင်းတာနဲ့ တစ်ရွာလုံး မြုပ်သွားတာပေါ့။ အခုရေမြုပ်သွားတဲ့ မိသားစု ၈၀ ကျော်ကို ကျောင်းကုန်းရွာ အမက ကို ရွှေ့ပြောင်းထား ပြီးတော့ ကျေးရွာကလူငယ်တွေစုပြီး လိုအပ်တဲ့ အကူအညီတွေ၊ ကယ်ဆယ်ရေးတွေကို လိုက်လုပ်ပေးနေပါတယ်။ တခြားရွာတွေနဲ့လည်း အဆက်အသွယ်ပြတ်သွားတယ်။ သံတွဲမြို့ပေါ်ကနေ လာလို့လုံးဝမရတဲ့ အနေအထားဖြစ်နေပါတယ်။ စားရေးသောက်ရေး အတွက်တော့ ကျွန်တော် ထမင်းဆိုင်ကနေ ချက်ပြုတ်ပြီး ကျွေးမွေးထားပါတယ်။” ဟု ရွှေလှေ ကျေးရွာသားဦးစိုးနောင်က မဇ္ဈိမကို ပြောသည်။
သူဌေးချောင်း ရေမြင့်တက်လာခြင်းကြောင့် ရေကြီးနစ်မြုပ်မှုနှင့် ရင်ဆိုင်နေကြရသည့် သံတွဲမြို့နယ်အတွင်းမှ ကျေးရွာများမှာ ရွှေလှေ၊ ပေါက်တော၊ လင်းသီး၊ ကျောင်းကုန်း၊ အုန်းမော်၊ ဘုရားမော်၊ ဆူးပုတ်ကုန်းတို့ဖြစ်ကြောင်း ယင်းကျေးရွာသားများ၏ အခက်အခဲများကို သွားရောက်အကူအညီပေးရန်အတွက်လည်း ကားလမ်းများအား ရေဖုံးလွှမ်းနေသည့်အတွက် သွားလာရေး အခက်အခဲ ရှိနေပြီး ရေယာဉ်များဖြင့် သွားရောက် အကူအညီပေးရန်အတွက် အန္တရာယ်ရှိနေသဖြင့် လတ်တလော အကူအညီမရရှိနိုင်သေးကြောင်း သိရသည်။
“ရေက အခုလက်ရှိအတိုင်းအတာအရ ၁၀ ပေကျော်အထိ တက်နေပါတယ်။ တစ်မနက်တည်းပြည့်လာတဲ့ အတိုင်းအတာပါ။ လောလောဆယ်တော့ ထပ်ပြီးတိုးလာတာအတွေ့ရသေးပါဘူး။ မိုးလည်းရပ်သွားတယ်။ ည ဘယ်လိုဖြစ်လာမယ်ဆိုတာကို ခန့်မှန်းလို့မရသေးပါဘူး။ ဒီညရေဆက်တိုးလာရင်တော့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အန္တရယ်ရှိနေပါတယ်။ ရွှေလှေမှာ ဆိုရင် ကျောင်းရဲ့ အောက်ထပ်ပါ မြုပ်သွားတဲ့အတွက် တခြားရွာကိုပြောင်းရွှေ့ထားရတယ်။” ဟု ဒေသခံ ဦးစိုးနောင်က ပြောသည်။
သူဌေးချောင်းရေမြင့်တက်လာနေခြင်းကြောင့် ရေကြီးနစ်မြုပ်လျှက်ရှိနေသည့် ကျေးရွာ ရ ရွာမှာ ခန့်မှန်းခြေအားဖြင့် နေအိမ် နှစ်ထောင်နီးပါးခန့်နှင့် မိသားစုပေါင်း နှစ်ထောင်ကျော်တို့မှာ နေရေးထိုင်ရေး၊ စားရေးသောက်ရေး အခက်အခဲများရှိနေပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးများ လိုအပ်လျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။







