ဦးကျော်အောင်လွင်၏ ဆွေးနွေးချက်ပါ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ က.ပ.စ ၂၀ တပ်မြေကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်ပါကြောင်း၊ ယင်းဆွေးနွေးချက်များအား ပြည်သူ့လွှတ်တော်မှတ်တမ်းများမှ ပယ်ဖျက်ပေးရန် တပ်မတော်သားအမတ်များက အချက်အလက်များနှင့် ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။
“တပ်မတော်သားအမတ်များတင်ပြလာသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ က.ပ.စ ၂၀၏ တပ်မြေကိစ္စနှင့် ပတ်သက်သော အချက်အလက်များအား ပြည်သူလွှတ်တော်မှတ်တမ်းမှ ထုတ်နုတ်ပယ်ဖျက်ရန် ရုံးအဖွဲ့သို့ ညွှန်ကြားပြီးဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်” ဟု ဦးဝင်းမြင့်က လွှတ်တော်အမတ်များကို အသိပေးသည်။
"နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အား အလျင်စလို ငှားရမ်းရောင်းချလွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတများကို လိုအပ်သောဆောင်ရွက်မှုများ၊ သဘောတူညှိနှိုင်းမှုများ မပြုလုပ်ဘဲ အစိုးရတာဝန်မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် အသေးစိတ်စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို" ကို NLDပါတီမှ ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က ဖေဖော်ဝါရီ ၂၅ရက်တွင် အရေးကြီးအဆိုတစ်ရပ် လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် စေတုတ္တရာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်အောင်လွင်၏ လက်ပံတောင်းတောင်စီမံ ကိန်းနှင့်ပတ်သက်၍ ဆွေးနွေးချက်အပေါ် တပ်မတော်သားအမတ်အားလုံးက ဖေဖော်ဝါရီ ၂၆ရက်တွင် မတ်တပ်ရပ်ကာ ကန့်ကွက်ခဲ့ကြ သည်။
ထိုအဆိုအား ပြည်ထောင်စုအစိုးရအဖွဲ့မှ လာရောက်ဖြေရှင်းခဲ့ခြင်း မရှိပေ။







