“မဟာသင်္ကြန်သီချင်းများ သီဆို ဖျော်ဖြေရာတွင် မြန်မာနိုင်ငံတော်နှင့် အစိုးရ၏ ဂုဏ်သိက္ခာထိပါး စေနိုင်သည့် တစ်ဖက်သတ် စွပ်စွဲ ပုတ်ခတ်ရေးသား သီဆိုမှုများ မပါရှိစေရန်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေနိုင်သည့် ရေးသား သီဆိုမှုများ မပါရှိစေရန်၊ မြန်မာ့ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် စာသား၊ ဝတ်စား ဆင်ယင်မှု၊ တင်ဆက်မှု၊ သရုပ်ဖေါ်မှုများ မပါရှိစေရန်၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် (သို့) အဖွဲ့အစည်းအပေါ် တစ်ဖက်သတ် စွပ်စွဲ ပုတ်ခတ်မှုများ မပါရှိစေရန်” ဟု ကြေးမုံ သတင်းစာတွင် ပါရှိသည်။
စည်းကမ်းဖေါက်ဖျက်ပါက စည်ပင်သာယာ တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟုလည်း ဆိုသည်။ မန္တလေးမြို့တော် ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီက အဆိုပါ စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုထားသည်။
စည်းကမ်းချက်များတွင် “သင်္ကြန်မဏ္ဍာပ်များတွင် အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်းမပြုရန်” လည်း ကန့်သတ်ထားသည်။ အလားတူ လေအိုးသုံးရေပိုက်၊ မီးသတ်ပိုက်ခေါင်းများနှင့် ရေမပက်ကြရန်၊ အချင်း ၄ လက်မထက်မပိုသော ရေစုပ်စက်များသာ အသုံးပြု ကစားကြရန်လည်း စည်းကမ်းသတ်မှတ်ထားသည်။
မန္တလေးမြို့တော် ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီ၏ အစည်းအဝေးကို ဖေဖေါ်ဝါရီလ ၂၉ ရက်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေးခမ်းမတွင် ကျင်းပခဲ့သည်။







